Home သတင်း ဆိုင်ကယ်လိုင်စင်သစ် ပြောင်းလဲမည် ဆို၍ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ မြန်မာနိုင်ငံသို့ အများအပြား တင်သွင်း
ဆိုင်ကယ်လိုင်စင်သစ် ပြောင်းလဲမည် ဆို၍ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ မြန်မာနိုင်ငံသို့ အများအပြား တင်သွင်း
ကို(၂)/ ဇန်န၀ါရီ ၂၀၊ ၂၀၁၀

စစ်အစိုးရမှ ၂၀၁၀ ခုနှစ်အတွင်း ဆိုင်ကယ်လိုင်စင်များကို ပြောင်းလဲပြီး အသုံးအနှုန်းသစ်ဖြင့် လက်တွေ့ အသုံးပြုလာတော့မည် ဆိုသော ကြောင့် မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးခွင့် ရရန်နှင့် တရားဝင် လိုင်စင်ရရှိရန် ပြည်ပမှ ဆိုင်ကယ်များကို ထိုင်း-မြန်မာနယ်စပ် ဂိတ်မှတဆင့် ပြည်းတွင်းသို့ အမြောက်အများ ၀ယ်ယူတင်သွင်းနေကြပါသည်။

မြန်မာနိုင်ငံ ပြည်နယ်အသီးသီးမှ ဆိုင်ကယ်လိုင်စင် အမျိုးမျိုးကို (ယ)အဖြစ်သို့ ပြောင်းလဲတပ်ဆင်လိုက်တော့မည်ဟု သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် ယခုလို ပြည်သူအမြောက်အများ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များကို အခွန်ဆောင်ပြီး ၀ယ်ယူနေကြရခြင်း ဖြစ်သည်ဟု ကရင်နီပြည်မှ ခရီးသွား ပြည်သူတဦးက ပြောသည်။

လွိုင်ကော်မှ ခရီးသွား ပြည်သူတဦးက “စစ်တပ်အရာရှိ တယောက်နဲ့တော့ စကားပြောဖြစ်ခဲ့တယ်။ သူက ပြောတယ်။ ဆိုင်ကယ်တွေကို (ယ)အဖြစ် အကုန်ပြောင်းကုန်မှာပေါ့။ အဲဒါမှ ဆိုင်ကယ်စီးခွင့်က မြန်မာတနိုင်ငံကို ကိုယ်စားပြုမှာ ဖစ်တယ်။ ဒါပေမယ့် ဘယ်အချိန် စပြောင်းမှာလဲတော့ မသိသေးဘူးပေါ့” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခု ကယားပြည်နယ်မှာ (လက)တွေပဲ ရှိသေးတယ်။ နောက်ဆိုရင် (ယ)နဲ့ ပြောင်းလာတော့မယ်” ဟု ဆိုပါသည်။

ဆိုင်ကယ်ပျက်သည်ဖြစ်စေ အတွင်းမှ စက်ပစ္စည်းများ ချို့ယွင်းချက် မရှိပါက ပြည်တွင်းသို့ တင်ယူကြပြီး အခွန်ဆောင်ရသည်မှာလည်း အလွန်အကျွံ မဟုတ်သည့်အတွက် စိတ်အားထက်သန်စွာဖြင့် ၀ယ်ယူခဲ့ကြသည်ဟု ခရီးသွားပြည်သူ ကုန်သည်များက ဆိုကြပါသည်။

ထိုင်းဆိုင်ကယ်ကို တင်ယူသည့် ကရင်နီပြည်နယ် စီးပွားရေးသမားတဦးက “ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၀ နှစ်ကူးပြီဆိုတော့ အစိုးရက တရားဝင် လိုင်စင် လုပ်ပေးတော့မယ်လေ။ အခွန်ကောက်တာလည်း နည်းတယ်ဆိုတော့ ကျနော်တို့ အချိန်မှီသာ ၀ယ်ယူနိုင်ရင် ကောင်းတာပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ခရိုင် ဟွေပူလောင်းဂိတ် လမ်းကြောင်းအတိုင်း ထိုင်းဂိတ်ကျော်နိုင်ရန် စက်လှေခတို့အတွက် ဘတ်ငွေ အနည်းဆုံး ၅၀၀၀ အခွန်ဆောင်ရပြီး မြန်မာနိုင်ငံဘက်သို့ ဂိတ်အမြောက်အများကို အခွန်ဆောင်နေရသော်လည်း တင်သွင်းရသည်မှာ တန်သည်ဟု သိရသည်။

တရုတ်ပြည်ဘက်တွင်လည်း ယခုကဲ့သို့ တရုတ်ဆိုင်ကယ် အမြောက်အများ တင်သွင်းလာကြသော်လည်း တရုတ်ဆိုင်ကယ်သည် ထိုင်း ဆိုင်ကယ်လောက် ဘီး၊ အင်ဂျင်ကအစ ချွတ်ယွင်းချက် ပိုမိုများသည့်အတွက် ထိုင်းဆိုင်ကယ်ကို ပိုအားသန်သည်ဟု ပြည်တွင်းကုန်သည် များက ပြောကြသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ဂိတ်တခု ဖြစ်သည့် မဲဆောက်မြို့တွင် ပြည်ပပို့ကုန်ငွေရှိသူများကို ပြည်ပမှ ခရီးသည်တင်ယာဉ်နှင့် ကုန်တင် ယာဉ်များ တင်သွင်းခွင့် ပြုလိုက်သဖြင့် ထိုင်းနယ်စပ်မှတဆင့် မြန်မာဘက်သို့ တရားမ၀င် ကားတင်သွင်းသူများအတွက် ယခင်ထက် အဆ ပေါင်းများစွာ အကျိုးအမြတ် ရရှိစေမည်ဟု ကားကုန်သည်တဦးက ပြောသည်။

မယ်ဟောင်ဆောင်ခရိုင်မှ နယ်စပ်ဂိတ်တခု ဖြစ်သည့် ဟွေပူလောင်းဂိတ်ကို ယခင်နှစ် စက်တင်ဘာလတုန်းက တရားဝင် ဖွင့်လှစ်လိုက်သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင်လည်း ထိုင်း-မြန်မာနယ်စပ်မှ ကုန်သွယ်ရေးဂိတ်သစ် ၄ ခုကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့မှ မြန်မာနိုင်ငံနှင့် နယ်စပ်ဆက် လမ်းကြောင်းတွေမှာ တရားဝင် ဂိတ်အဖြစ် ထပ်မံဖွင့်လှစ်လိုက်သည်။