Home ဆောင်းပါး ဆိုင်သာဆိုင် မပိုင်ရတဲ့ လောပိတ
ဆိုင်သာဆိုင် မပိုင်ရတဲ့ လောပိတ

ပါးရယ်/ကို၂

“တို့ခြံထဲမှာ စိုက်ခဲ့ပေမယ့် တို့ခြံတဖက်မှာ သီးပွင့်လေတိုင်း၊ တို့စိုက်သောဖရုံ တို့မစားရတော့ ဘယ်လိုနေမလဲ တွေးကြည့်စမ်းလေ တို့ပိုင်တဲ့မြေ တို့ပိုင်တဲ့ရေ၊ တို့.. တို့လူမျိုးတွေ ညအမှောင်ထဲမှာ လောပိတရေ ပြန်လာခဲ့”

ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို)မှ ထုတ်လုပ်တဲ့ စီးရီးခွေထဲက “ပြန်လာခဲ့ပါ လောပိတ” ဆိုတဲ့ တေးသီချင်းလေး ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ လောပိတမှ ရေအားလျှပ်စစ် ထွက်ရှိလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခုအချိန်ထိ ကရင်နီ ပြည်သူ အများစုဟာ ညအချိန်မှာ အလင်းဆောင်ဖို့အတွက် ဖယောင်းတိုင်မီးနဲ့ ထင်းရူးဆီမီးတို့ကို အားကိုးပြီး ထွန်းလင်းနေဆဲ ဖြစ်ပြီး မြို့နေလူနည်းစုကသာ လျှပ်စစ်မီးရဲ့ အကျိုးအမြတ်ကို ခံစားနေရတာကို ရည်စူး၍ ကေအဲန်ဝိုင်အိုက တေးသီချင်းဖြင့် ရေးစပ်သီဆို ထားခြင်း ဖြစ်ပါတယ်။

လောပိတစက်ရုံ အမှတ် ၂ ဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း လောပိတကျေးရွာအနီးရှိ ဘီလူးချောင်းရဲ့ လောပိတ ရေတံခွန် အောက်ဖက်မှာ တည်ရှိနေပါတယ်။ အဲဒီစက်ရုံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အကြီးဆုံး ရေးအားလျှပ်စစ်စက်ရုံတရုံ ဖြစ်ပြီး အများအားဖြင့် မြန်မာပြည် အထက်ပိုင်းနဲ့ အောက်ပိုင်းတို့ကို ထွန်းလင်းပေးနေပါတယ်။

အဲဒီရေအားလျှပ်စစ်စက်ရုံဟာ ၁၉၅၀ ပြည့်နှစ်မှာ အစပျိုးခဲ့ပြီး အဆင့်နှစ်ဆင့်ဖြင့် ဆောက်လုပ်ထားပါတယ်။ ပထမအဆင့် တည်ဆောက် ရေး လုပ်ငန်းများကို ၁၉၆၀ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့်ကတော့ ၁၉၇၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါဝပ်ကို ထုတ်လုပ်ပေးနေပါတယ်။

အလားတူ လောပိတစက်ရုံ အမှတ် ၁ ကတော့ အမှတ် ၂ စက်ရုံရဲ့ အနီးမှာ တည်ရှိပါတယ်။ အဲဒီစက်ရုံတရုံကြတော့ ၁၉၈၆ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ပြီးစီးကာ သူ့ရဲ့ ထုတ်လုပ်စွမ်းအင်အားကတော့ ၂၈ မီဂါဝပ် ရှိပါတယ်။

ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ချိန်မှာ စက်ရုံ တည်ဆောက်ပြီးစီးပါက ရရှိလာမယ့် အကျိုးအမြတ်တွေ ဖြစ်တဲ့ ရေသွင်းစိုက်ပျိုးရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ဟာတွေ ဒေသခံ ပြည်သူတွေအတွက် ဆောက်ရွက်ပေးမှာကို စစ်အစိုးရက ကတိက၀တ် ပေးခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာမူ စစ်အစိုးရ အဆက်ဆက်မှ ပေးထားခဲ့သော ကတိတွေနဲ့ ဆန့်ကျင်စွာပင် ကရင်နီပြည်နယ်ရဲ့ ဧရိယာ အတော်များ များမှာ လျှပ်စစ်မီးကို ပိုင်ဆိုင်ခွင့် မရရှိကြပေ။ စက်ရုံမှ ထုတ်လုပ်သော လျှပ်စစ်ဓါတ်အားတွေအနက် အများစုကို ရန်ကုန်နဲ့ မန္တာလေး မြို့ကြီးများသို့ မဟာဓါတ်အားလိုင်းကြီးတွေဖြင့် သွယ်တန်းပို့ဆောင်သွားကြပါတယ်။

ကရင်နီပြည်ဟာ ရေအားလျှပ်စစ်ဓါတ်အား ထွက်ရှိတဲ့ပြည် ဖြစ်ပေမယ့် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆို စတဲ့ မြို့တွေဆိုရင် လျှပ်စစ်မီး မလုံလောက်စွာ အသုံးပြုနေကြရပြီး ကျေးလက်တောရွာတွေမှာကတော့ ဖရောင်းတိုင်မပြောနဲ့ ထင်းရှူးမီးတွေကိုသာ အသုံးပြုနေ ကြရပါတယ်။

မြို့တွင်းမှာ လျှပ်စစ်မီး ပေးရာမှာလည်း မည်ကာမတ္တသာ ဖြစ်ပါတယ်။ စစ်တပ်ဝင်း၊ ဌာနဆိုင်ရာ ရုံးတွေ၊ အရာရှိရိပ်သာတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နေအိမ်မှာသာ လျှပ်စစ်မီး အပြည့်အ၀ ရရှိကြပြီး သာမန်ရပ်ကွက်သားတွေမှာမူ ဗို့အားနည်း မီးလိုင်းတွေမှ လျှပ်စစ်မီး ကိုသာ ရရှိကြပါတယ်။

လောပိတစက်ရုံမှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အား ၉၅ ရာခိုင်နှုန်းကို မြန်မာပြည် အထက်ပိုင်းနဲ့ အောက်ပိုင်းသို့ အဓိက ပို့ဆောင်သွားပြီး ကရင်နီပြည်နယ်မှာက ၅ ရာခိုင်နှုန်းသာ ခံစားခွင့် ရရှိကြတယ်လို့ ၂၀၀၈ ခုနှစ်မှာ ထုတ်ဝေတဲ့ ကရင်နီသုတေသနအစုအဖွဲ့ (ကေဒီအိုင်ဂျီ) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ကရင်နီပြည်နယ်ရှိ အချို့မြို့နယ်ဒေသသို့ စစ်အစိုးရအာဏာပိုင်တွေက လျှပ်စစ်မီး သွယ်တန်းပေးနေတာကိုလည်း ရှိလာခဲ့ပါတယ်လို့ လွိုင်ကော် ဒေသခံတဦးက ပြောပါတယ်။

“အခုလို လျှပ်စစ်မီး တိုင်းတာခြင်းတွေ လမ်းဖောက်ပြုပြင်ခြင်းတွေ လုပ်လာတာဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် လူထုတွေကို စည်းရုံးတာ ဖြစ်တယ်။ တကယ်တမ်း ပြောရမယ်ဆိုရင်ပေါ့ အရင်တုန်းက လုပ်သင့်တယ်” လို့ လွိုင်ကော်ဒေသခံက ပြောသွားပါတယ်။

ကေအဲန်ဝိုင်အို ခေါင်းဆောင်ဖြစ်သူ ဆိုင်းရှိုင်းက “မီးသွယ်ပေးတယ်ဆိုတာ ဘာညာကတော့ ပြောနေတာပဲလေ။ ဒါပေမယ့် သူတို့ တကယ်ရတဲ့ လူတွေ ပြောတာကတော့ မီးခနဲ့ အခက်ဖြစ်ပြန်တယ်။ နောက်တခု သွယ်ပေးတယ် ဆိုတာကလည်း သူတို့ရဲ့ ရည်ရွယ်ချက် တခုတော့ ရှိမယ် ထင်တာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကြားတာက ခုဘောလခဲ၊ ဖာဆောင်းဘက်ကို မီးသွယ်တာက ဖာဆောင်းတပ်မှာ သူတို့ ရေဒါ တခုဆောက်မယ်လို့ အဲလိုမျိုး သတင်းကြားထားတယ်” လို့ ပြောပါတယ်။

ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ထားတဲ့ နေရာဒေသတွေမှာလည်း စက်ရုံရဲ့ ကန့်သတ်နယ်မြေကြောင့် ဒေသခံပြည်သူတွေ ထောင်နဲ့ ချီပြီး မိမိတို့ နေရင်းဒေသမှ အတင်းအကျပ် ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ ဒေသခံပြည်သူတွေဟာ မိမိတို့ အဓိက အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တောင်ယာ၊ လယ်ယာစိုက်ပျိုးခြင်း၊ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ တောလိုက်ခြင်းနဲ့ ငါးဖမ်းခြင်းတို့ကို လက်လွတ်ဆုံးရူံးခဲ့ရပါတယ်။ 

စက်ရုံ တည်ဆောက်ပြီးစီးသွားတဲ့ အခါမှာလည်း စက်ရုံကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ၀င်ရောက်မဖျက်ဆီးနိုင်ဖို့ စက်ရုံလုံခြုံရေးအတွက် စစ်အစိုးရတို့က တပ်အင်အားတွေကို တိုးချဲ့ချထားခဲ့ပါတယ်။ တပ်စခန်းတွေကို လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖါဆောင်းမြို့တွေမှာလည်းကောင်း စီးပွားရေဒေသ ဖြစ်တဲ့ မော်ချီးနဲ့ လောပိတစက်ရုံ နေရာမျိုးမှာလည်းကောင်း ချထားပါတယ်။

တပ်အင်းအားတွေ တိုးချဲ့ချထားလာတာနဲ့အမျှ ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ဖို့အတွက် ပိုမို၍ အကျပ်အတည်း ဖြစ်ပေါ် စေခဲ့ပါတယ်။ စစ်တပ်အခြေစိုက်စခန်းတွေ၊ စစ်တပ်စိုက်ခင်းတွေ လမ်းတွေနဲ့ စက်ရုံတည်ရှိရာ ဧရိယာ ကန့်သတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ လယ်ယာနဲ့ မြေယာ ဧကပေါင်းများစွာ အသိမ်းခံခဲ့ရပါတယ်။

အဲဒီအပြင် စစ်အစိုးရတပ်တွေက ဒေသခံတွေအပေါ် လုပ်အားပေးခိုင်းစေမှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက် ရမ်းကားမှုတွေနဲ့ အတင်းအဓမ္မ ပြုကျင့်မှုတွေလည်း တနေ့တခြား များပြားလာခဲ့ပါတယ်။

ကရင်နီပြည်နယ်ရှိ လက်ရှိအနေအထားမှာ စစ်အစိုးရတပ် တပ်ရင်း ၂၄ ရင်း တပ်စွဲထားလျက်ရှိနေပါတယ်။ အဲဒီထဲမှာ ဒေသခံတပ်ရင်း ၁၄ ရင်း၊ လှုပ်ရှားတပ်ရင်း ၉ ရင်းနဲ့ စစ်ဆင်းရေး ကွပ်ကွဲမှုဌာနချုပ် လုံခြုံရေး တပ်ရင်း ၁ ရင်း စတဲ့ တပ်ရင်းအမျိုးအစားတို့ ပါဝင်ပါတယ်။

စစ်အစိုးရက လောပိတစက်ရုံ လုံခြုံရေးအတွက် သီးသန့်ရည်ရွယ်ပြီး ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေက အလုံးပေါင်း ၁၈၀၀၀ ခန့်ရှိခဲ့ ကြောင်း၊ လက်နက်ကိုင် အတိုက်အခံတွေ မဖျက်ဆီးနိုင်ဖို့အတွက် မဟာဓါတ်အား မီးလိုင်းတာဝါတိုင် အောက်ခြေတွေမှာပါ မြေမြုပ်မိုင်း မြုပ်ထားခဲ့ပါတယ်။

မီးလိုင်းတိုင်တာဝါ အောက်ခြေ အနီးအနားရှိ ရွာသားများအား ခြံခတ်ခိုင်းခြင်း၊ ထောင်ထားသည့် မိုင်းများကို ရွာသားများအား စောင့်ရှောက်စေပြီး မိုင်းခင်းထားတဲ့ ၀န်းကျင်တ၀ိုက်ကို ရှင်းခိုင်းခြင်း၊ အိမ်မွေးတိရစ္ဆာန်များ သွားရောက်နှင်းမိ၍ သေဆုံးပါက တာဝါတိုင် လျော်ကြေး ပြန်လည်ပေးဆောင်ရခြင်း စတဲ့ စည်းမျဉ်းစည်းကမ်းလည်း ရှိနေပါတယ်။

“လောပိတဂွင်(ဒေသ)၊ သူပုန် အ၀င်အထွက် လုပ်နိုင်တယ် ဆိုတဲ့ နေရာတွေမှာ လျှပ်စစ်ဓါတ်တိုင် လုံခြုံရေးအတွက် ထောင်ထားတဲ့ မိုင်းတွေက ယနေ့ထိ ရှိနေဆဲပဲ။ ပြန်ဖြုတ်သိမ်းလိုက်ပြီဆိုတာ မကြားရဘူး။ ဆိုလိုတာက ရှိနေဆဲပဲပေါ့။ မိုင်းက လျှပ်စစ်မီးဓါတ်တိုင် လုံခြုံရေးအတွက် တခုတည်း မဟုတ်ဘူး၊ လောပီတ စက်ရုံလုံခြုံရေးအတွက် ထောင်ထားတဲ့ မိုင်းတွေက သောင်းဂဏန်းလောက် ရှိတယ်” လို့ ကရင်နီသုတေသနအစုအဖွဲ့ (ကေဒီအိုင်ဂျီ)မှ ဒါရိုက်တာ ဖြစ်သူ တော်ရယ်ပိုးက ပြောပါတယ်။

၂၀၀၁ ခုနှစ်အထိ လောပိတ ဓါတ်အားပေးစက်ရုံ ၀န်းကျင်မှာ ထောင်ထားတဲ့ မိုင်းတွေ တက်နင်းမိသဖြင့် သေဆုံးသွားတဲ့ ဒေသခံ ပြည်သူဦးရေမှာ ၃၀ ဦးရှိပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ အိမ်မွေးတိရစ္ဆာန်လည်း ၂၀၀ ကျော် ရှိခဲ့ပါတယ်။ ကရင်နီပြည်နယ်တွင် ထောင်ထားတဲ့ မြေမြုပ်မိုင်း အလုံးပေါင်း ၁၀၀,၀၀၀ ကျော်ခန့် ရှိတယ်လို့ ကေဒီအိုင်ဂျီ သုတေသနပြုစုချက်အရ သိရပါတယ်။

ဇန်န၀ါရီလ ၂၃ ရက်နေ့တုန်းက ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) အဖွဲ့ဟာ ဒီးမော့ဆိုမြို့နယ် လိုတာခုကျေးရွာအနီးရှိ လောပိတမှ တောင်ငူသို့ လျှပ်စစ်ဓါတ်အား ပို့လွတ်တဲ့ ၂၃၀ ကေဗွီအေ ဓါတ်အားလိုင်းမှ တာဝါအမှတ် ၁၃၄ အား မိုင်းထောင် ဖောက်ခွဲခဲ့ပါတယ်။ အလားတူ ၉ ရက်နေ့မှာလည်း တာဝါတိုင်အမှတ် ၁၉၉ ကို မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကေအဲန်ပီပီအဖွဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ကေအဲန်ယူနဲ့ ကေအဲန်ပီပီ သောင်းကျန်းသူ အဖွဲ့တွေအနေဖြင့် အများပြည်သူ လျှပ်စစ်ဓါတ်အား သုံးစွဲကာ ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေး၊ ကုန်ထုတ် လုပ်ငန်းအသီးသီး အဆင်ပြေချော့မွေ့ကာ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပျက်စီးရာပျက်စီးကြောင်း အစဉ်ကြံစည်ပြုမှု လုပ်ဆောင် လျက်ရှိတယ်လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။

ဒါပေမယ့် အခုလို ကေအဲန်ပီပီ အနေနဲ့ လျှပ်စစ်ဓါတ်တိုင်ကို ဖောက်ခွဲဖျက်ဆီးခြင်းဟာ လောပိတရေးအားလျှပ်စစ်စက်ရုံက ကရင်နီ ပြည်နယ်အတွင်းမှာ တည်ရှိခဲ့ပေမယ့် ထွက်ရှိလာတဲ့ အကျိုးအမြတ်က စစ်အစိုးရအာဏာပိုင် အများစုကသာ ပိုင်ဆိုင်ကြပြီး ဒေသခံကရင်နီ ပြည်သူတွေဟာ အနည်းအကျဉ်းသာ ပိုင်ဆိုင်ခွင့် ရရှိကြသောကြောင့် လုပ်ဆောင်ရခြင်း ဖြစ်တယ်လို့ ကေအဲန်ပီပီက ပြောပါတယ်။

“အမှန်ဆိုရင် စစ်တပ် အချင်းချင်း တိုက်ခိုက်ကြတယ်ဆိုတော့ စစ်ရေးအရဘက်က တရားဝင်တယ်ပဲလေ။ ဒါပေမယ့် ကျနော်တို့ အဲလိုမျိုး လုပ်တာ ဗမာပြည်ထဲက ပြည်သူလူထုတွေကို ထိခိုက်တဲ့အတွက် သူတို့ ပြောရင်လည်း ပြောမှာပေါ့။ ဒါပေမဲ့ စစ်ရေးအရက တရားဝင် တယ်ပဲလေ” လို့ ကေအဲန်ပီပီ ဥက္ကဌဖြစ်သူ ခူထဲဘူးဖဲက ပြောပါတယ်။

စစ်အစိုးရဟာ ကရင်နီပြည်နယ်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံကို စတင်တည်ဆောက်တုန်းက ရရှိလာမယ့် အကျိုးအမြတ်တွေက ဒေသခံကရင်နီပြည်သူတွေကို အကြောင်းပြထားပြီး ဆောက်လုပ်ခဲ့တဲ့အတွက် အများစုမှာ စစ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေသာ လျှပ်စစ်မီးကို ပိုင်ဆိုင်ကြပြီး ဒေသခံတွေက မသိုးပပုတ်လောက်သာ ခံစားခွင့် ရရှိကြသောကြောင့် ကရင်နီပြည်သူတွေအတွက် အကျိုး အမြတ် မရှိကြောင်း (ကေအဲန်ဝိုင်အို) ခေါင်းဆောင်ဖြစ်သူ ဆိုင်းရှိုင်းက ပြောပါတယ်။

ကရင်နီသုတေသနအစုအဖွဲ့ (ကေဒီအိုင်ဂျီ)မှ ဒါရိုက်တာ ဖြစ်သူ တော်ရယ်ပိုးကလည်း “မီးက ကျနော်တို့ ပြည်မှာ ထွက်တယ်၊ ထိခိုက်တာက ဒီမှာပဲ ထိခိုက်တယ်။ ဆုံးရှုံးတာလည်း ကိုယ့်ပြည်မှာ။ လယ်ယာမြေတွေ၊ အိမ်ယာမြေ ဆုံးရှုံးတာလည်း ကိုယ့်ကရင်နီ အမျိုးသားတွေပဲ။ စောင့်ရှောက်ပေးရသေးတယ်။ လျှပ်စစ်တိုင်အတွက် လုံခြုံရေးတွေကအစကပေါ့။ ကျနော်တို့ ကရင်နီအမျိုးသားတွေက လုပ်အားပေးတွေ လုပ်ပေးရတယ်။ ဒါပေမယ့် မီးက ကိုယ့်ပြည်သူအတွက် မဟုတ်ခဲ့ဘူး” လို့ ပြောဆိုသွားပါတယ်။