ကယားထဲ/ဇန်န၀ါရီ ၂၆၊ ၂၀၁၀
အညာမြေပြန့်ဒေသ ဖြစ်သည့် မန္တလေးကနေ တောင်တန်းဒေသ ဖြစ်သည့် ကရင်နီပြည်ဘက်ကို အလည်အပါတ်ခရီးအတွက် ကားဖြင့် သွားဖို့ ဆုံးဖြတ်ခဲ့သည်။ မန္တလေးကနေ ကရင်နီပြည်ဘက်ကို သွယ်တန်းသွားတဲ့ ရှုမြင်ကွင်းလေးတွေကို သိန်းသန်းကုဋေ အမည်ရှိသော မန္တလေး-လွိုင်ကော် အဝေးပြေးလိုင်းကားပေါ်ကနေ တ၀ကြီးရှု့စားဖြစ်ခဲ့သည်။ လိုင်းကားကြီးမှာ အညာမြေကနေ တရက်ခရီးကို မောင်းနှင်လာခဲ့ပါသည်။ ကားကြီးမှ ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်းသို့ ၀င်ရောက်လာသည်နှင့် တပြိုင်နက် ချမ်းမြမြလေနုအေးက ဦးစွာ ဆီးလို့ ကြိုလိုက် ပါသည်။ မြေပြန့်ဒေသမှာကဲ့သို့ ပူပြင်းခြောက်သွေ့ခြင်းလည်း မရှိ၊ တောင်ကြီး၊ ကလောဘက်လောက်လည်း လွန်ကဲစွာ အေးမြခြင်း မရှိပါ။ ကြည်လင်အေးမြသည့် ရာသီဥတုနှင့် ဦးစွာ ထိတွေ့ပြီးနောက် မြင်တွေ့ရမှာကတော့ ၀န်ထမ်းများ၏ အိမ်ယာတိုက် (၆) လုံးနှင့် လွိုင်ကော် လေဆိပ်ကို မြင်တွေ့ရပါသည်။ ကျနော်နှင့် ကျနော် သူငယ်ချင်းများတဖွဲ့ ဆိုင်ကယ်ကိုယ်စီဖြင့် မြို့ထဲသို့ ၀င်လာခဲ့ရာ ကရင်နီယဉ်ကျေးမှု အထိမ်းအမှတ်၏ ဖားစည် ကြီးလေးလုံး ခြံရံထားသော လွတ်လပ်ရေး ကျောက်တိုင်ကို ဖြတ်ကျော်ပြီးနောက်၊ ကန္ဒာရ၀တီမြို့ဟု ရေးထားသော ကျောက်တိုင်ကို တွေ့ရှိရသည်။ ကန္ဒာရ၀တီမြို့တွင်း၌ ဓမ္မတေးသံသာများနှင့် လွင့်ပျံ့နေသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဗုဒ္ဓ၏ နှုတ်ကပတ်တော်များကို ရွတ်ဖတ် သံညံနေသည့် ဘုန်းတော်ကြီး ကျောင်းများ ဆည်းလဲသံသာနှင့် ရွှေတောင်ဘုရားတို့မှာ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မြို့၏ ကြက်သရေကို ဆောင်နေကြသည်။ မြင့်မားမတ်စောင့်သော ကွဲဟနေသော ကျောက်ဆောင်တောင်ထွတ်များပေါ်တွင် ခက်ရာခဲဆစ်အံ့သြဖွယ် တည်ဆောက်ထားသော စေတီ ဘုရားများစွာရှိရာ နာမည်ကျော်ကြားသည့် သီရိမင်္ဂလာ တောင်ကွဲစေတီတော်ကိုလည်း ရောက်သွားပါသည်။ ကျောက်ကြိုကျောက်ကြား တောင်ကမ်းပါးရံများအပေါ်သို့ မောမောပန်းပန်းတက်သွားရပြီး အပေါ်ရောက်သည့် အခါ၌ ဘုရားရိပ်ကိုခိုရ၊ လေနုအေးကိုလည်း တ၀ကြီး ရှူရှိုက်မိလိုက်သည်။ တောင်ပေါ်မှ ရှု့မြင်ကြည့်လိုက်သောအခါ မိုးဗြဲဆည်ကို မြစ်ဖျားခံသည့် ဘီးလူး ချောင်းသည် လွိုင်ကော်မြို့တွင်းဝယ် ကွေ့ပတ်ပြီး တံတားကြီးများ၏ အောက်မှ ဖြတ်သန်းကာ စိမ်းမြကြည်လင်သောအသွင်၊ ညင်သာသည့် ရေအလျင်ကို တငြိမ့်ငြိမ့် စီးဆင်းနေသည်။ ဤဘီလူးချောင်းမှ ရေသည် လောပိတရေအားလျှပ်စစ်စီမံကိန်းဖြင့် မြန်မာနိုင်ငံကို အလင်းရောင်ထွန်းစေသည့် လျှပ်စစ်ဓာတ်အားများ အဆက်မပြတ် ပို့လွှတ်ပေးသော ရေကြောင်းခရီးပင် ဖြစ်ပါသည်။ ကန္ဒာရ၀တီမြို့ကို အပေါ်စီးမှ ရှုမြင်ကြည့်လိုက်ရာ မန္တလေးမြို့တွင် လွိုင်ကော်ပန်းဟု ခေါ်ကြသည့် အာဖရိကဒေစီပန်းများမှာ ကန္ဒာရ၀တီ မြို့၏ အထိမ်းအမှတ် ပန်းတခုပင် ဖြစ်သည်။ ဒါ့အပြင် သစ်သားများဖြင့် အဆန်းတကျယ် ဆောက်လုပ်ထားသော ကန္ဒာရ၀တီ စော်ဘွားကြီး၏ ဟော်နန်းဆောင်ကြီး(ဟော်ကြီး)ကိုလည်း အလှမပျက် တွေ့မြင်နေရသေးသည်။ ထိုသို့ အလှသည် သဘာဝအလှနှင့် အနှစ်သာရအလှ ပေါင်းထားပြီး ရှု့မ၀နိုင်အောင် လှချင်တိုင်းလှနေသည့် ရှုခင်းများကို ကြည့်လိုက်ရသည့်အခါ ရရှိလိုက်သည့် ပီတိ အရသာကို မဖော်ပြနိုင်လောက်အောင်ပင်။ တခါရောက်လျင် တခေါက်ပြန်လည်ချင်အောင် ဆွဲဆောင်နေမည် ဖြစ်သည့် “ကန္ဒရ၀တီပြည်၏ အလှပန်းချီ”ကို ခံစားကြည့်ကြရန် အညာမြေပြန့်မှ မိတ်ဆွေအပေါင်းအသင်းတို့အား ဖိတ်ခေါ်လိုက်ရပေတည်း။ |