Home ဆောင်းပါး အိမ်ရှေ့ဝါရံတန်က အလွမ်း
အိမ်ရှေ့ဝါရံတန်က အလွမ်း

စေးရယ်စိုး၊ စက်တင်ဘာလ ၂၀၀၇

အသားညိုညို အရပ်ခပ်မြင့်မြင့်နဲ့ အသက် ၃၃ နှစ် အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ၀ါးတဲအိမ်ငယ်လေး တခုရဲ့ ၀ါရံတန်လေးမှာ ငုတ်တုတ်ထိုင်ကာ လမ်းပေါ်က ဖြတ်သွားဖြတ်လာသော သူများကို ကြည့်ရင်း မနာလိုစိတ်တွေ ဖြစ်နေပါတယ်။ သူ့ကိုယ်သူ သာမန်လူသားတွေ လှုပ်ရှားသွားလာ နေထိုင်နိုင်သလို ဖြစ်စေချင်လွန်းလို့ပါ။

သူ့နာမည်က စိုးတင်မိုးလို့ ခေါ်ပါတယ်။ စိုးတင်မိုးမှာ အရိုးတီဘီ ရရှိထားတဲ့အတွက် အခုလို သာမန်သူတွေလို ရွှင်ရွှင်လန်းလန်း သွားလာလှုပ်ရှားလို့ မရဘဲ၊ အိမ်ယာထဲမှာဘဲ လဲလျောင်းလိုက် ထိုင်လိုက်၊ ထလိုက်နဲ့ အချိန်တွေ ဖြုန်းလာခဲ့ရသည်မှာ တနှစ်ဝန်းကျင်လောက် ရှိသွားခဲ့ပါပြီ။

သူ့ကို ပြုစုကုသပေးနေသူ ဆေးဆရာ/မတွေရဲ့ ပြောပြချက်အရ စိုးတင်မိုးသည် အရိုးတီဘီအပြင် အိတ်ခ်ျအိုင်ဗွီနဲ့လဲ အတူ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ထိုလက္ခဏာတွေ ရရှိထားမှုကြောင့် လူမှုအသိုင်းအ၀ိုင်းထဲ၌ သူ့အတွက် တည်းခိုရာနေရာ ရှားပါးခဲ့ရပါတယ်။ သူ အခုထိုင်နေတဲ့ ၀ါရံတန်လေးကို သူ့အတွက် တည်းခိုရာအဖြစ် ကံကောင်းထောက်မစွာဖြင့် ရှားရှားပါးပါး ရရှိထားတဲ့အတွက် သူအများကြီး ကျေးဇူးတင်မိနေတယ်။

ကျနော့်ကို သူတို့ ကျွေးပါတယ်၊ သူတို့ စားရသလိုပဲ ကျနော်လဲ စားရပါတယ်

ဝါရံတန်ကို ပိုင်ဆိုင်တဲ့ အိမ်ရှင်နဲ့အတူ နေထိုင်ကြောင်းကို စိုးတင်မိုးက ပြောပြသွားတာပါ။

သူ့ကို ထိုအိမ်ရှေ့ဝါရံတန်လေးမှာ ခေါ်တင်ထားတဲ့ အိမ်ရှင်ကတော့ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှ ခူးယွီရယ် ဘဲ ဖြစ်ပါတယ်။

အစတုံးက သူ့ကို ကြည့်တဲ့သူတွေ ရှိတယ်၊ သူ အခုလို ဖြစ်သွားတော့ ဆက်မကြည့်ကြတော့ဘူးဟု သူ့ရဲ့ကျေးဇူးရှင် ခူးယွီရယ်က ပြောပါတယ်။

သူ့ကို ကျနော် လူလူချင်း စာနာတဲ့ အနေနဲ့ ကြည့်တယ်၊ အခြားသူတွေက ပြောတယ်။ ကျနော်တို့က ဗမာကို တိုက်နေတာ၊ ဘာဖြစ်လို့ ဒီဗမာကို လက်ခံထားရတာလဲ။ လက်ခံထားစရာ မလိုဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျနော် ဂရုမစိုက်ဘူး၊ သူ့မှာ ဘာမှ မလုပ်နိုင်တော့တဲ့ ဘ၀ပါ၊ ကျနော်ကလဲ သူတို့ကို (လက်ခံထားစရာ မလိုဘူးလို့ ပြောတဲ့ သူတွေကို) ပြန်ပြောလိုက်တယ်။ ဗမာဆိုတာ လက်နက်ကိုင်ထားတဲ့ ဗမာနဲ့ လက်နက် မကိုင်တဲ့ ဗမာတွေ ရှိတယ်လို့ ပြောလိုက်တယ်ဟု ခူးယွီရယ်က ဆက်လက် ရှင်းပြပါတယ်။

စိုးတင်မိုးဟာ မြန်မာပြည် မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၄၈ မိုင်ခန့်မှာ ရှိတဲ့ ပြည်ဦးလွင်က ဗမာအမျိုးသား တယောက် ဖြစ်ပါတယ်။ သူဟာ ကာတရာနဲ့ အထည်အလိပ်တွေ ရောင်းဝယ်သူတစ်ဦး ဖြစ်သည်။ ခိုးထားတဲ့ အထည်အလိပ်တွေ မှားဝယ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ရဲတွေ ဖမ်းဆီးပြီး တရားရေးရုံးက ထောင်ဒါဏ် ၄ နှစ်နဲ့ ၆ လ တိတိ ချမှတ်ခဲ့ပါတယ်။

မန္တလေး အကျဉ်းထောင်ထဲမှာ ၇ လလောက်သာ နေရပြီး ၂၀၀၄ နှစ် သြဂုတ်လမှာ ကရင်နီပြည်နယ် တပ်မ-၅၅ က ခေါ်ထုတ်လို့ စစ်မြေပြင်မှာ အထမ်းသမားအဖြစ် စေခိုင်းတာကို ခံခဲ့ရတယ်။ အထမ်းသမားအဖြစ် တစ်လ ၀န်းကျင် ထမ်းပေးခဲ့အပြီး ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးခဲ့ရာကနေ အခုလို ကရင်နီ ဒုက္ခသည်စခန်းကို ရောက်ရှိလာရတာ ဖြစ်ပါတယ်။

မယ်ဟောင်ဆောင်အခြေစိုက် ထိုင်းနယ်စပ် လုံခြုံရေးစစ်တပ်ရဲ့ ဖမ်းဆီးမိတဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကနေ အခုနှစ်အတွင်း ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်ကို အထမ်းသမားအပြင် မြန်မာစစ်တပ်က တပ်ပြေးတွေအပါအ၀င် အယောက်ပေါင်း ၁၀၀ ထက်မနည်း ရှိတယ် လို့ ဆိုပါတယ်။

သူတို့ကို ထိုင်း-မြန်မာနယ်စပ် ဆက်ဆံရေး ကော်မီတီ(တီဘီစီ)ရဲ့ သဘောတူညီချက်တွေ အရ သက်ဆိုင်ရာတွေ အနေနဲ့ မြန်မာစစ်တပ်ထဲကို ပြန်လည် လွှဲအပ်ပေးနေတယ်လို့ တီဘီစီ အဖွဲ့ဝင် ထိုင်းစစ်တပ် အရာရှိကြီးတစ်ဦးက အခုလို ပြောပြပါတယ်။

ကျနော်တို့ သိရသလောက် တပ်ပြေးတွေတော့ မလွတ်ဘူး၊ သူတို့ သတ်ပစ်တယ်။ ဒါပေမဲ့ အထမ်းသမားတော့ လွယ်ကူသလို ပြန်ပို့ပေးလေ့ရှိတယ်။ တခုတော့ ရှိတယ်၊ ကျနော်တို့ စစ်ဆေးမေးမြန်းချက်အရ အထမ်းသမား ဟုတ်၊ မဟုတ် ဆိုတာ ရှိသေးတယ်။ တကယ် ဟုတ်တယ်ဆိုတဲ့သူမှ သူတို့ဌာနေကို ပြန်ရလွယ်တဲ့ နယ်စပ်လမ်းတွေနဲ့ ပြန်လည် ပို့ပေးပါတယ်

ထိုင်းနယ်ထဲသို့ မဟုတ်ဘဲ ကရင်နီတပ်မတော်တွေ ထိန်းချုပ်ရာ တပ်စခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ လွတ်မြောက်လာကြတဲ့ အထမ်းသမားတွေ ကတော့ဖြင့် အပြန်လမ်း မရှိဘဲ ရောက်ရှိရာ ဒေသတွေမှာ သောင်တင် နေကြရလေ့ ရှိပါတယ်။ သူတို့ဟာ ကရင်နီပြည်နယ်နဲ့ ဝေးတဲ့ဒေသတွေက လာကြရသောသူတွေ ဖြစ်ကြတဲ့အတွက် လွတ်မြောက်ချိန်မှာ ဌာနေကို ပြန်ချင်ပါသော်လဲ လမ်းမသိဘဲ ဒုက္ခနဲ့ကြုံနေကြရတာ ဖြစ်တယ်။

အဲဒီလို သောင်တင်နေသူ အထမ်းသမားတွေမှာ အချို့က အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့အတူ နေထိုင်သူတွေလဲ ပါရှိနေကြတဲ့ အတွက် သူတို့ကို လက်ခံထားကြတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

ကျနော် နံပါတ်ဖိုး ရှုဖူးတယ်။ အသက် ၂၀ လောက် ကတည်းက စလုပ်ခဲ့တယ်။ ကျနော် ပစ္စည်းတခုထဲ သုံးခဲ့ပါတယ်။ ဒါပေမဲ့ ပြောလို့မရဘူး။ ကျနော် သုံးခဲ့တဲ့ ဆေးထိုးအပ်ကို သိမ်းထားတဲ့ အချိန်မှာ အခြားတယောက်က လာသုံးနိုင်တယ်လို့ စိုးတင်မိုးက သူ မြန်မာပြည်မှာ နေခဲ့တဲ့ အချိန်တုန်းက အိတ်ခ်ျအိုင်ဗွီ စတင် ရရှိနိုင်တဲ့ အကြောင်းရင်းကို ပြန်လည် ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က စိုးတင်မိုးလို ထောင်သား အထမ်းသမား ၂ ဦးမှာလဲ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့ အတူနေထိုင်လို့ ကရင်နီအမှတ် ၁ ဒုက္ခသည် စခန်းမှာ သေဆုံးသွားခဲ့ကြပါတယ်။

စိုးတင်မိုးရဲ့ လက်ရှိ အခြေအနေမှာတော့ အိတ်ခ်ျအိုင်ဗွီ အဆင့်နဲ့ နေထိုင်ရသော်လဲ ကေအာဗွီဆေးပေးစရာ မလိုသေးဘဲ သူ့မှာ ရရှိထားတဲ့ အရိုးတီဘီ အတွက်ကိုသာ ဆေးပုံမှန် တိုက်ပေးနေရတယ်လို့ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပညာပေး ဆရာမ စန္ဒာထွေးက ပြောပြပါတယ်။

ကျနော် သေမလိုလိုနဲ့ ဖြစ်တာ သုံးခါ၊ လေးခါ ရှိပြီ၊ ဒီက ဆရာ/ဆရာမတွေက မရတော့ဘူးဆိုပြီး ကျနော့်ကို မယ်ဟောင်ဆောင် ဆေးရုံကို ပို့ပေးတာ နှစ်ခေါက်လောက် ရှိပြီ။ ဒါပေမဲ့ ကျနော် ပြန်ပြန်ကောင်းလာတယ်လို့ စိုးတင်မိုးက သူ့ရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြပါတယ်။

သူ့ကို ၀ါရံတန်မှာ ခေါ်တင်ထားတဲ့ အိမ်ရှင် ယွီရယ်က သူ နေကောင်းတဲ့ အချိန်ဆို ဒီစခန်းထဲမှာရှိတဲ့ သူ့သူငယ်ချင်း ဗမာကလေးတွေ အစုလိုက်၊ အပြုံလိုက် လာလာလည်ကြတယ်။ ဒါပေမဲ့ သူ အခုလို ကျန်းမာရေး ပြန်မကောင်းတော့ဘူး ဆိုရင် တယောက်မှ လာတာ မတွေ့ရတော့ဘူး။ အမှန်မှန်ဆို နေမကောင်းတဲ့ အချိန် ပိုပြီး လာလည်ရမယ်၊ အားပေးဖို့ ကောင်းတယ်

အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့်အတူ နေထိုင်သူတို့ရဲ့ အခြေအနေတွေကို လေ့လာနေကြတဲ့ ပညာရှင်၊ ဒေါက်တာနှင့် နှစ်သိမ့်ပညာပေး အစီအစဉ်တွေကို လှုပ်ရှားနေသူတို့ရဲ့ ပြောပြချက်အရ ဒီလက္ခဏာတွေကို ရရှိထားသူတို့အတွက် ဆေးဝါးတွေနဲ့ ကုသတာထက် ကိုယ့်စိတ်ဓါတ်နဲ့ကိုယ် ကုသတာက ပိုမို ထိရောက်မှုရှိပြီး အကျိုးလဲ ရှိတယ်လို့ ဆိုကြပါတယ်။

အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် အတူနေထိုင်ရသော်လည်း စိတ်ဓါတ်မကျနေဘဲ အခြားသာမန်လူတွေလို ပျော်ပျော်ရွှင်ရွှင် သွားလာနေထိုင်ပြီး လုပ်ကိုင်စားသောက်ရင် အခြေအနေ ပိုမို ကောင်းမွန်လာပြီး သိသိသာသာ သက်သာလာနိုင်တယ် ဆိုတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဝါရံတန်မှာ ထိုင်နေတဲ့ စိုးတင်မိုး တယောက်အတွက်တော့ သူ တကယ် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်တဲ့ နေရာလေးက ပြည်ဦးလွင်မှာ ကျန်ခဲ့တဲ့ သူ့သမီး နှစ်ယောက်၊ သားငယ်လေး တယောက်နဲ့ ဇနီးတို့ရဲ့အနားမှာ ဆိုတာ သူ့ရဲ့လက်ရှိ အခြေအနေတွေက ပေါ်လွင်နေပါတယ်။

သူ့ဆန္ဒအတိုင်းဘဲလေ၊ သူ ပြန်ချင်တယ်၊ သူ့မိန်းမအနားမှာဘဲ သေချင်တယ်လို့ ပြောတယ်၊ ကျနော် သူလိုချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလို့ ရတယ်။ တတ်နိုင်သလောက်ပေါ့နော်၊ သူပြန်နိုင်ဖို့ ကျနော် အိုင်စီအာစီနဲ့ ဆက်သွယ်ကြည့်တယ်။ ဒါပေမဲ့ မရသေးဘူး၊ မရတာထက် သူတို့ ဘာမှ ပြန်မပြောလာသေးဘူးလို့ ယွီရယ်က ပြောပြပါတယ်။

စိုးတင်မိုးတယောက် အခု သူထိုင်နေတဲ့ ၀ါရံတန်လေးမှာ ဘယ်လောက်ကြာကြာ ဆက်နေရပြီး ဘယ်လို အခြေအနေမျိုးတွေနဲ့ ဆက်လက် ရင်ဆိုင်ရမလဲ ဆိုတာကို အခုအချိန်မှာ ဘယ်သူမှ အတတ်ပြောလို့ မရပါဘူး။

ကျနော် သက်ရှိထင်ရှား ရှိနေသေးတယ်၊ ကျနော် မသေသေးဘူး ဆိုတာကို ကျနော့် သားမယားတွေကို အသိပေးချင်ပါတယ်လို့ စိုးတင်မိုးတယောက် သူတခုခုကို မျှော်လင့်တကြီးရှိနေတဲ့ ဟန်အမူအရာတွေနဲ့ ပြောပြသွားခဲ့ပါတယ်။

မှတ်ချက်။ ။ စာရေးသူ၏ ကျင့်ဝတ်အရ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါပိုး ကူးစက်ခံရသူအစား အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် အတူ နေထိုင်သူဟု သုံးနှုံးထားပါသည်။