|
ကန္တာရ၀တီတိုင်း(မ်)/ အောက်တိုဘာ ၃၁ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းကို ကရင်နီဒုက္ခသည် ပင်မကော်မတီ ကိုယ်စားလှယ်အဖြစ် သွားရောက် လေ့လာခဲ့တဲ့ Camp Management Support Program မန်နေဂျာ အစိုင်းနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။ ၎င်းဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည်စခန်းပေါင်း ၂ဝ ခုရှိပြီး တရားဝင်ဒုက္ခသည်စခန်း ၂ ခုသာရှိပါသည်။ နာယာပါရာစခန်း (NaYaPaYa) နှင့် ကွန်တိုပါလာစခန်း (KuTuPaLand) တို့ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ် အစိုးရများကသာ အုပ်ချုပ်ကာ အစိုးရကပင် အမိန့်ပေးသည့်အပြင် အစိုးရ မလုပ်ခိုင်းပဲ ဘာမှမလုပ်ရဟု သိရပါသည်။ မေး ။ အခုလို ဘင်္ဂလားဒေ့ဒ်ျ ကိုသွားတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ သွားရတဲ့အကြောင်းရင်းကို နည်းနည်း ပြောပေးပါလား။ ဖြေ ။ ကျနော်တို့ ဒီဘင်္ဂလားဒေ့ရှ် ဒီလိုမျိုး ဒုက္ခသည်တွေစခန်းကို သွားရတာ ပထမဆုံးအကြိမ်ပေါ့နော၊ ပြီးတော့ ကျနော်တို့ စခန်းနဲ့ သူတို့စခန်း ဘယ်လိုကွာခြားမှုရှိလဲ အဲဒါကို သွားကြည့်ခိုင်းတာ။ အဲဒါတွေသွားတွေ့တော့ ပြန်လာ နှိုင်းယှဉ်လို့ တောင် မနှိုင်းယှဉ် ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိနဲ့ တွေ့တာနဲ့ တခြားစီပဲ ဒီမှာက ဘယ်လိုပြောမှာလဲ ကောင်းကင်ဘုံပေါ့။ ဟိုမှာတော့ ငရဲပေါ့။ မေး ။ အဲဒီမှာ ဒုက္ခသည်စခန်း ဘယ်နှစ်ခု ရှိလဲ။ UNHCR နဲ့ ဘယ်အချိန်ကတည်းက မှတ်ပုံတင် စတင်လုပ်လဲ။ ဖြေ ။ ဒုက္ခသည် ကတော့ အခု ၂ဝ ရှိတယ်။ UNHCR နဲ့ မှတ်ပုံတင်ထားတာကတော့ ၂ခုပဲ။ သူတို့ စာရင်းသွင်း တာကတော့ ၂ဝဝ၁ - ၂ဝဝ၂ ကပါ။ ဒါပေမယ့် သူတို့နေတာ ကြာပြီ။ လူဦးရေ မှတ်ပုံတင်ထားတဲ့ဟာကတော့ ၂၈ဝ၂၃ ရှိတယ်။ အဲဒီ နာယာပါရာ ကတော့ ၁ သောင်း ၉ ထောင်ကျော် ရှိတယ်။ ကွန်တွန်ပါလာကတော့ ၉ ထောင် ခြောက်ရာကျော် ရှိတယ် အဲဒါ စာရင်းသွင်းတဲ့ လူတွေပဲနော။ မေး ။ ဒီဒုက္ခသည်စခန်းကို ဘယ်သူတွေက ဘာတွေ ထောက်ပံ့ပေးကြတာလဲ။ ဖြေ ။ ဟိုမှာကတော့ သူတို့ အဲန်ဂျီအို သိတာ သုံးဖွဲ့ပဲ၊ UNHCR, WFP (ကမ္ဘာ့စာနပ် ရိက္ခာအစီစဉ်) နဲ့ ယူနီစက်ပေါ့။ WFP က ဒီဖက်ကနေ ကြည့်မယ်ဆိုရင် တီဘီဘီစီ ဘဲလေ၊ ဘာဖြစ်လဲဆိုတော့ သူတို့ ဟိုဖက်မှာ ဆိုရင် ဆန်ပေးတယ် ဆီ၊ ဆား၊ ပဲ၊ သကြားပေးတယ်။ နောက်ပြီး ဂျုံမုန့်။ UNHCR ကတော့ လူဦးရေ စာရင်း သွင်းတာတို့ လူဦးရေ လက်ခံတာတို့ပေါ့၊ ဒါပေမယ့် သူတို့ အစိုးရ ကတော့ လက်မခံဘူး။ အဲဒီ ရခိုင်ပြောတဲ့ လူမျိုးကိုပေါ့၊ ဒါပေမယ့် အများအားဖြင့် သိတာကတော့ ရိုဟင်ဂျာ ပေါ့နော။ အဲမှာ နေတဲ့ လူတွေကတော့ အများ အားဖြင့် အဲဒီအဖွဲ့အစည်း ၃ ခုပဲ သိတယ်။ အဲဒီ၃ ခု သွားပြီဆို တံခါးဖွင့် ပေးတယ် တခြားလူတွေ လာရင် မဖွင့်ပေးဘူး။ ဒါပေမယ့် အခြားအဖွဲ့ အစည်းတွေလည်းရှိတယ် TAI (Tronical Assistant Inc) ဆိုတဲ့အဖွဲ့လည်း WFP ကနေဘဲ အဲဒီအဖွဲ့က ကုန်ပစ္စည်းတွေ အင်္ကျီ ဘောင်းဘီတွေ ပေးတယ်။ ACF (Action Contre La Fain) ကတော့ အမျိုးမျိုးလာလုပ်ပေးတယ်လေ။ ဆပ်ပြာလုပ်တာတို့ စက်မှု လက်မှု သင်တန်း လာပေးတာတို့ မူပိုင် ဆိုင်ကယ်ပြင်တာတို့ စက်ဘီးပေါ့နော်။ ဟိုဖက်မှာဆို စက်ဘီးကို ရီးချတ် ခေါ်တယ် ဒါပေမယ့် ဆိုက်ကားလို့ ခေါ်ရမှာပဲ အဲမှာ ဆိုက်ကားတွေဘဲ သုံးတာ နောက်ပြီး လက်သမား၊ လျှပ်စစ် သင်တာတို့ ကွန်ပြူတာ နည်းနည်းပါးပါး သင်တာတို့ ဒါပေမယ့် စခန်းထဲကလူတွေ မဟုတ်ဘူး အဲဒီ အစိုးရ အဖွဲ့အစည်းတွေပဲ။ နောက်အဲဒီ ACF ကျနော်ပြောတဲ့ ဟာကတော့ ယက်ကန်းတွေ အင်္ကျီ၊ ဘောင်းဘီ ချုပ်တာတွေ ဒါပေမယ့် အဲမှာ ဆိုင်တွေ မဖွင့်ခိုင်းဘူး ဈေးလည်း မရောင်းခိုင်းဘူ။ မေး ။ အသိအမှတ်ပြုခံထားရတဲ့ ဒုက္ခသည်စခန်းက ထောက်ပံ့မှုတွေက ကရင်နီဒုက္ခသည်စခန်းနဲ့ အတူတူပဲလား၊ ဘယ်လိုထောက်ပံ့ပေးလဲ။ ဖြေ ။ လူကြီး ကလေးတွေ အစားအသောက်ဖက်မှာ ဆိုရင် အတူတူဘဲ ပေးတယ်။ ၂ ပတ်ကို ၁ ခါထုပ်တယ်။ တစ်ယောက်ကိုတော့ ဆန် ၆ သိုက် ၃ဝဝ ဂရမ်ရတယ်။ ဒီမှာက (ကရင်နီဒုက္ခသည်) လူကြီးဆိုရင် ၄၅ ခွက်ဆိုရင် ကလေးဆိုရင်ဘယ်လောက်ပေးရ အဲလိုမျိုး။ သူတို့ဆန်ကျတော့ ဘာတွေလည်းမသိဘူး မီးခိုးတွေနဲ့ ဖုံတွေပဲ အဲဒီဆန်တွေက ဝက်ကျွေးရင်တောင်မှ ဝက်စားပါ့မလား မသိပါဘူး။ သူတို့ဆီဆိုရင် အုန်းဆီပဲလေ။ ဒါပေမယ့် WFP က အကောင်းဆုံးလုပ်ပေးတာပဲလေ။ ဒါပေမယ့် အဲဒီနေရာ က အဲလောက်ပဲ ရှိတယ်လေ အစိုးရက ဘယ်လို ပြန်လုပ်လဲ ဆိုတာ ကျနော်တို့မသိဘူးလေ WFP ဂိုဒေါင် သွားကြည့်တာပဲလေ ဒါပေမယ့် အစိုးရ ဂိုဒေါင်နဲ့ ပေါင်းတယ်လေ သူတို့က ဂိုဒေါင် ၃ လုံး ရှိတယ် အကြီးကြီးပဲ။ မေး ။ ဒီဒုက္ခသည်တွေအနေနဲ့ ဘယ်လိုအခွင့်အရေးတွေ ပေးကြလဲ။ ရရှိကြလဲ မသိဘူး။ ဖြေ ။ ဟိုမှာဆို အခွင့်အရေး မပေးဘူးလေ၊ သူတို့အခွင့်အရေးက အဲဒီ၂ ခုရပြီဆို တော်တော် ကောင်းနေပြီ၊ အဲဒီ ကျန်းမာရေးနဲ့ ပညာရေးပေါ့။ ကလေးက ၅ တန်းအထိဘဲ ကျောင်းတက်ရတယ်။ ၅တန်းပြီးတာနဲ့ ကျောင်းမရှိ တော့ဘူး ဒါပေမယ့် ဆက်တက် ချင်တယ်ဆိုရင် ပုဂ္ဂလိကကျောင်း တက်ရတယ်။ ပုဂ္ဂလိကကျောင်း ကတော့ ၁ယောက်ကို ၂ဝဝ ဒါက ပေးရတယ်။ ၁ လ ကိုတစ်ရာ ပေးရတယ်၊ သူတို့က စခန်းထဲမှာ နေတယ် ဆိုတော့ ပိုက်ဆံကို ဘယ်မှာ သွားရှာမှာလဲ၊ အပြင်ထွက်လို့မှ မရတာ သူတို့ပေါ်လစီက တအားတင်းတာပေါ့။ မလျှော့ဘူးဆို မလျှော့ဘူးလေ သူတို့ တအားတင်းတယ် ပေါ်လစီဆို ပေါ်လစီဘဲ ဒါတွေပေါ၊ အပြင်ထွက်ရင် လူများ ရိုက်တယ် ထုတယ်။ ဒီကရင်နီဖက်မှာတော့ စပယ်ရှယ်ပဲလေ။ ဟိုဘက်မှာတော့ ဘာမှ မရှိဘူး ၅တန်းအထိဘဲ တက်တယ် အဲဒီ ကျောင်းပြီးတဲ့ ကလေးတွေဘဲ ပြန်လာသင်ရင် သင်မယ်။ မဟုတ်လို့ ရှိရင်နည်းနည်းစာတတ်တဲ့လူတွေဘဲ နောက်ပြီး ပုဂ္ဂလိကကျောင်း တက်တဲ့လူ တလတစ်ရာ ပေါ့နော အဲဒီပေးတဲ့ အဖွဲ့ဘဲ ပြန်လာသင်တာ ဆယ်တန်း အထိ အင်္ဂလိပ်စာ ကောင်းမှကောင်း၊ ကလေးလေးတွေက အင်္ဂလိပ်စကားတွေ လည်းသိနေတယ်။ ဒါပေမယ့် အခက်ခဲ ရှိတာက သူတို့ကို အခွင့်အရေးမပေးတာ။ ဆေးရုံ ဆိုရင်ပိုဆိုး ဖျားနာပြီ ဆိုရင်ဒီလိုပဲထားတယ်။ ဒါကြောင့်မလို့ အခက်အခဲ ရှိတာ၊ ဖျားနာတာပေါ့ အစားအသောက်မှ မကောင်းတာ၊ ဆေးတွေလည်းမရှိ၊ ဆေးဆရာတွေလည်းမရှိ သူတို့လိုအပ်တာ နှစ်ခုပဲ ရှိတယ်။ ကျန်းမာရေးရယ် ပညာရေးရယ် ဒီနှစ်ခုပဲ။ ဆေးခန်းဆိုရင်လည်း ပုပုလေး အိမ်ခေါင်မိုးခါကျတော့ မိုးကာနဲ့ အုပ်ထားတယ် ဆေးလည်း မလုံလောက်ဘူး သူတို့ ဆားရေ၊ တစ်လုံးသွင်းရပြီဆိုရင် သူတို့ တအား ကံကောင်းပြီတဲ့ ကျနော်တို့ ဖက်မှာဆို ဆားရေ အလကား သွင်းပေးတာတောင်မှ ကျီးများ အီးများ လုပ်သေး တယ်။ ဟိုဖက်မှာဆို ဆားရေ တလုံး သွင်းရပြီဆို ရောဂါပျောက်ပြီလို့ အဲလိုထင်တာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တခြားစီဘဲ ဟိုဖက်မှာ တကယ့်ကို လိုအပ်တာ ဘာမှမရှိဘူး။ မေး ။ ဘင်္ဂလားဒေ့ဒ်ျ အစိုးရ က အဲဒီဒုက္ခသည်တွေကို နေရာထိုင်ခင်း တွေကို ဘယ်လို စီစဉ်ပေးထားတာလဲ။ ဖြေ ။ ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့ကိုအဲမှာ မနေခိုင်းချင်ဘူး ဒါကြောင့် မလို့ သူတို့ အိမ်ဆိုရင် အိမ်တိုင်က ငယ်ငယ်လေးပဲ အိမ်တိုင်က ၄လုံး တကယ့် သံတွေ ဘာတွေနဲ့ မလုပ်ခိုင်းဘူး တိုင်ဆို ယူကလစ်ပင်တွေနဲ့တောင် မလုပ်ခိုင်းဘူး တိုင်ဆို ပျော့ပျော့ လိုမျိုးဘဲလေ။ နောက်အိမ်ခေါင်မိုးဆို ပလတ်စတိတ် နဲ့ လုပ်ခိုင်းတယ် အခင်းဆိုရင် မြေကြီးနဲ့ပဲ လုပ်ခိုင်းတယ် ဘိလပ်မြေ နဲ့ မလုပ်ခိုင်းဘူး အမြင့်ဆိုလည်း လေးဒေါင်ပဲ။ ဒါပေမယ့် တကယ့် ရုံးတွေဆို ဖက်တွေဘာတွေနဲ့ မိုးထားတယ် အဲမှာ ဆို အစိုးရက အကုန်လုံး ထိန်းချုပ်ထား တယ်။ အဲန်ဂျီအို တွေကတော့ လာကူညီဖို့ဘဲ ဒါပေမယ့် ဟိုးစခန်းထဲထိ ဒီလို ဒီလို လုပ်ရမယ်ဆိုတာတွေကို မရဘူး ဒါပေမယ့် သူတို့ လုပ်မယ့် အရာတွေကို ဘတ်ဂျက်လာပေးတယ် အဲလောက်ပဲ။ မေး ။ ကျန်းတဲ့ ဒုက္ခသည်စခန်း ၁၈ ခုကိုရော ဘယ်သူတွေက ကူညီထောက်ပံ့ပေးပြီး ရှေ့ဆက် ဘယ်လိုအစီးအစဉ်တွေ လုပ်ပေးသွားဖို့ရှိလဲ။ ဖြေ ။ ကျန်တဲ့ ၁၈ ခုတော့ သာသနာနဲ့ အုပ်ချုပ်တယ်။ အဲဒီ ဘာသာရေးနဲ့ အထောက်အကူပြု ပေးတာပေါ့ ရသလောက်ပဲ အားလုံးတော့ မကူညီနိုင်ဘူး လူတွေက အရမ်းများတာကိုး။ ရိုဟင်ဂျာ အဖွဲ့ ကုလားအဖွဲ့ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ ဝင်လာတာ လူများသူ့ကို အဲမှာ မနေခိုင်းဘူး အခြေအနေကောင်းရင် ပြန်ပို့မယ်။ ဘာဖြစ်လဲ ဆိုတော့ သူတို့က နယ်စပ်မှာနေတော့ သူတို့ကို တအားခိုင်းစားတယ်လေ။ သူတို့ အလုပ်ဆို ပင်လယ်ထဲဘဲ သွားတယ် သင်္ဘောထဲမှာ ငါးတွေကို လိုက်ဖမ်း နောက်ထမင်းဟင်းလည်း ကောင်းကောင်းမစားရဘူး။ သူများ အလုပ်ကြမ်းကိုဘဲ ခိုင်းတာ လူပင်ပန်းတာပေါ ထမင်းတွေရေတွေ ကောင်းကောင်းမစားရမသောက်ရ ပူလည်းပူ။ အနှစ် ၂ဝဝဝ တုန်းက လူ ၂သိန်း ဗမာ ပြည် ပြန်ပို့လိုက်ပြီး ၂ သိန်း ၅သောင်းပြန်လာတယ်။ |