|
၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး/ မ၀င်ရေး ကိစ္စရပ်အပေါ် အလေးအနက် အများကြီးမထား။ လုပ်စရာရှိတာ ဆက်လုပ်မည်ဟုဆိုသည့် NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကော်စီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းနှင့် ဆက်သွယ်မေးမြန်းထားချက်။ မေး။ 2010 ရွေးကောက်ပွဲ မှာ UN ကို လေ့လာခွင့်ပေးမယ်ဆိုတာ တရားဝင်ဖြစ်ပြီလား။ သေချာပြီလား။ ဖြေ။ အတိအကျတော့ မသိရသေးဘူး။ သူတို့ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ဘာဖြစ်လဲဆိုတော့ ဗမာနိုင်ငံမှာရှိတဲ့ အခြေအနေတွေရဲ့ တိုးတက်မှုက ဘယ်လောက်ရှိမလဲ၊ ဥပမာ ခုအကျဉ်းသားလွတ်တာတို့ ဗမာပြည်နိုင်ငံမှာ ဒီထောင်ထဲက လွတ်လာတာ လူ ၆ ထောင်မှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါသလဲ၊ နောက်တခုက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တခြားထူးခြားတဲ့ တိုးတက်မှုတွေ ဘယ်လောက်ရှိမလဲ ဒီအခြေအနေကို သူတို့မလေ့လာပဲနဲ့ ဒီကိစ္စကို သူတို့ အရမ်းလုပ်မယ်လို့ မထင်ဘူး။ မေး။ အကယ်၍ လေ့လာခွင့်ပေးမယ်ဆိုရင် UN က ဘာတွေ လုပ်သင့်သလဲ။ ဘာတွေလုပ်ပေးနိုင်မလဲ။ ဖြေ။ UN က လာခွင့်ပေးတယ်၊ မပေးဘူးဆိုတာထက်ပေါ့နော်၊ UN ကနေ သူတို့ လာဖို့လိုအပ်တယ်၊ ခုဆိုတဲ့ ကိစ္စ၊ သူတို့က ဒီနေ့ ရွေးကောက်ပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက တရားဝင် အနိုင်ရထားတဲ့ NLD ပါတီ ရဲ့ ပြည်သူ့သဘောထားက အရေးကြီးတယ်။ တကယ်တမ်း ဒါ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူထုသဘောထားကို လေးစားဖို့ သူတို့မှာ ဆန္ဒရှိတယ်ဆိုရင် နအဖရဲ့ သဘောထားကိုပဲ၊ ဆန္ဒကိုပဲ အလေးထားပြီး ဆန္ဒပြုမလား၊ ဗမာပြည်မှာရှိတဲ့ ပြည်သူ့တရပ်လုံးရဲ့ သဘောထားဆန္ဒကို အသိမှတ်ပြုမလားဆိုတဲ့ ကိစ္စကို ပထမ ဦးဆုံးအနေနဲ့ သူတို့ဘက်က ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်၊ ဘာဖြစ်လဲဆိုတော့ ဒီမြန်မာပြည်မှာ ရှိတဲ့ ဒီတိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံးရဲ့ သဘောထားကို သူတို့ အလေးထားပြီးတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ သူတို့စဉ်းစားမယ်ဆိုရင် ၁၉၉၀ ခုနှစ်တုန်းက လူထုသဘောထားဆန္ဒမှာ ထုတ်ဖော်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ စဉ်းစားရမှာဖြစ်တယ်၊ အဲဒီတုန်းကအများကြီး အနိုင်ရခဲ့တယ်၊။ ၉၀ ရာခိုင်နှုန်း ဆက်ဆက်အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့သဘောထားကို သူတို့ သေသေချာချာလေ့လာဖို့လိုမယ်၊ အဲတော့ အဲဒီသဘောထားပေါ်မှာ အတည်ပြုပြီးတော့ ဒီတိုင်းပြည်နဲ့လူထုကောင်းအောင် ဘယ်လိုသူတို့ဘက်က အကောင်းဆုံးလုပ်မယ်ဆိုတာမျိုးကို သူတို့စဉ်းစားသင့်တယ်၊ ဒါက လာဖို့မလာဖို့ စပြီးစဉ်းစားတဲ့အချိန်မှာ မဖြစ်မနေ စဉ်းစားသင့်တဲ့ အချက်တွေဖြစ်တယ်၊ နအဖ စစ်အုပ်စုက ခေါ်လို့ ခွင့်ပြုလို့ဆိုတဲ့ ကိစ္စဟာ တကယ်တမ်းကျတော့ UN အတွက် အဓိကကျတဲ့ issue (အရေး) မဟုတ်ဘူးလို့ထင်တယ်၊ အဓိကကျတာ တကယ်တိုင်းပြည်နဲ့ လူမှုအကျိုးစီးပွားပေါ်မှာ သူတို့ အကောင်းဆုံး လုပ်မလဲဆိုတဲ့ဆန္ဒကို အကောင်အထည် ဖော်နိုင်တဲ့ အခြေအနေတရပ်ဖြစ်ဖို့ လိုတယ်။ မေး။ တကယ်လို့ လေ့လာခွင့်ရရင် အတိုက်အခံအဖွဲ့တွေရော ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ ဖြေ။ ၂၀၁၀ ရွေးကောက်ပွဲက ခုထိပေါ့နော်။ ဘာမှ ရေရေရာရာ အစောနက ပြောသွားသလို။ သူတို့က လုပ်မယ်မလုပ်ဘူးဆိုတာ အတိအကျ မသိသေးဘူး။ ဘာတွေ ပြင်ဆင်ထားရမလဲဆိုတော့ ဒီလို ၂၀၁၀ မဟုတ်ဘူးပေါ့နော်၊ ဗမာနိုင်ငံမှာ နောက်ထပ်ရွေးကောက်ပွဲ အသစ်ဖြစ်လာမယ်ဆိုရင်တော့ ၂၀၁၀ ပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဒီစစ်မှန်တဲ့ ပြည်သူ့ဆန္ဒကို တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ ခေတ်အညီဖြစ်တဲ့ ရွေးကောက်ပွဲ တခုပေါ့၊ နောက် နိုင်ငံတကာ စံရာစံနှုန်းတွေနဲ့အညီဖြစ်တဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ လိုအပ်တယ်။ အဲဒီရွေးကောက်ပွဲဖြစ်အောင် ဒါဟာ အတိုက်အခံ အင်အားစုတွေ အားလုံးလည်းပဲ၊ အဲသဘောထားကို မျှော်လင့်နေကြတာဖြစ်တယ်လို့ ယုံကြည်တယ်။ လူထုကိုယ်တိုင်ကလည်း အဲသဘောထားဆန္ဒကို ဘာမှဆန့်ကျင်မှာ မဟုတ်ဘူးလို့ အဲဒီလိုယုံကြည်တယ်။ ဆိုတော့ အဲဒီအခြေနေမျိုးဖြစ်အောင်တော့ အားလုံးဝိုင်းပြီးတော့ လုပ်ကြဖို့လိုအပ်မယ်။ ဒါက ရွေးကောက်ပွဲလုပ်တာ စစ်အုပ်စုအတွက် လုပ်တာမဟုတ်ဘူး၊ တိုင်းပြည်အတွက်လုပ်တာ လူထုအတွက်လုပ်တာ အဲဥစ္စာကို စစ်အုပ်စုရဲ့ သဘောဆန္ဒအတိုင်းလုပ်လို့ မရဘူး၊ တိုင်းပြည်ကောင်းကျိုးအတွက် လူထုရဲ့ဆန္ဒအတိုင်း လုပ်ရမှာဖြစ်တယ်ဆိုတော့ အဲဒါတွေလည်းပဲ အတိုက်အခံတွေက အဲ့လိုမျိုးဖြစ်အောင် လုပ်ပေးနိုင်ဖို့လိုအပ်တယ် အဲလိုပဲမြင်တယ်လေ။ မေး။ ဘာကြောင့် အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာခွင့်ပေးမယ်လို့ပြောရတာလဲ။ ဖြေ။ လေ့လာခွင့်ပေးမယ်လို့ ပြောတာက လေ့လာခွင့်တောင်းနေလို့ လေ့လာခွင့်ပေးမယ်လို့ သူတို့ပြောတာလို့ထင်တယ်။ အဲတော့ ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာခွင့်ရခြင်းမရခြင်းက အဲဒီရွေးကောက်ပွဲ အကောင်းဆုံးရလဒ်ဖြစ်စေမယ့် အဖြေတော့ မဟုတ်ဘူးလို့ထင်တယ်လေ၊ တကယ်ဒီရွေးကောက်ပွဲဟာ စစ်မှန်မယ်၊ လွတ်လပ်မယ်၊ တရားမျှတမယ်၊ တကယ်လူထုဆန္ဒနဲ့ အညီဖြစ်မယ်၊ တိုင်းပြည်ရဲ့အကျိုးကို တကယ်ဖော်နိုင်တဲ့ အခြေအနေတွေဖြစ်မယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ ဒီ ချည်နှောင်ပြီးတော့ ဟန့်တားထားတဲ့ အခြေအနေမျိုး မဖြစ်စေရဘူး။ အဲလို ရွေးကောက်ပွဲမျိုး ဖြစ်လာမယ်ဆိုလို့ရှိရင် အဲဒီရွေးကောက်ပွဲမျိုးကို သူတို့လာလေ့လာတာ ကောင်းတာပေါ့။ အဲဒါ ခုက နအဖ ရွေးကောက်ပွဲကို သူတို့သွားလေ့လာမယ်ဆိုရင် ဘာအတွက်လေ့လာမလဲ၊ ဘာဖြစ်လို့ လေ့လာခွင့်တောင်းတာလဲ၊ အဲဒီကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း သဘောထားဖို့ လိုအပ်တယ်၊ အဲတော့ အဲဒါတွေကို သူတို့ဘက်က ကုလသမဂ္ဂအနေနဲ့က နအဖ ကို နအဖ ရဲ့ ခွင့်ပြုချက်ဟာ သူတို့အတွက် သိပ်အရေးကြီးနေတယ်။ ယူဆနေတယ်ဆိုရင်တော့ ဒီတိုင်းပြည်နဲ့ လူထုရဲ့ အကျိုးစီးပွားဟာ သူတို့အတွက် အရေးကြီးတဲ့ ကိစ္စတရပ် မဟုတ်တော့ဘူးဆိုတဲ့ အခြေနေမျိုးကို ရောက်သွားမှာပဲ၊ အဲတော့ ကျနော်တို့အနေနဲ့တော့ အဲကိစ္စကို လေ့လာဖို့ လေ့လာခွင့်ရတာာကို သူတို့နေနဲ့ ဝမ်းသာပျော်ရွှင်မယ်ဆိုတဲ့ ကိစ္စတွေကို ကျနော်တော့ အားမပေးချင်ဘူး။ နောက်တခု ကျနော်တို့ လက်မခံချင်ဘူး။ မေး။ စစ်အစိုးရက အခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်မယ်ဆိုရင် အတိုက်အခံအဖွဲ့တွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်နိုင်ကြမလား။ ဖြေ။ ကျနော့် အမြင်ကတော့ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးလုပ်ဖို့ဆိုတာ ပြန်လည်တောင်းဆိုထားတဲ့ အချက်ဖြစ်တယ်။ နိုင်ငံရေးက တောင်းထားတာပေါ့နော်။ အဲဒါကိုပြန်သုံးသပ်ပြီး သုံးသပ်ပေးမယ်ဆိုရုံအချက်နဲ့တော့ ရွေးကောက်ပွဲကို ဝင်ခြင်း၊ မဝင်ခြင်းဆိုတဲ့ အဆင့်နဲ့တော့ပြောဖို့ စောသေးတယ်ထင်တယ်လေ။ သုံးသပ်မှုက ဘယ်လောက်အကျိုးရှိသလဲ။ နောက်ပြီး အဲဒီသုံးသပ်မှုရဲ့ အတိမ်အနက်ကပေါ့နော်။ အဲဒါတွေကို မသေချာပဲနဲ့ သုံးသပ်ပေးမယ်ဆိုလို့ရှိရင် ဆိုတဲ့ အဆင့်လောက်နဲ့ အတည်ဆုံးဖြတ်ပေးဖို့တော့ နည်းနည်းစောသေးတယ်လို့ ပြောလို့ရတယ်ပေါ့။ မေး။ အတိုက်အခံအဖွဲ့တွေမှာကော ရွေးကောက်ပွဲကို ပြန်ဝင်ချင်တဲ့ အဖွဲ့တွေရှိလား။ ဖြေ။ ကျနော်တို့ သိသလောက်တော့ ဘယ်သူဘယ်ဝါ အဲလိုသေသေချာချာတော့ မကြားရသေးပါဘူး၊ ဒီလိုပဲပြောနေကြတာတော့ ရှိတယ်ပေါ့နော်။ အတိအကျ ဘယ်အဖွဲ့တို့ ဘယ်အဖွဲ့က ဘယ်လိုပြောတယ်ဆိုတာကိုတော့ သေချာမှတ်ပုံတင်လိုက်ပြီဆိုတာမျိုးတော့ ဘာမှမသိရသေးဘူးလေ။ မေး။ တဦးတယောက်ချင်းရဲ့ ဆန္ဒကိုကောရှိလား။ ဖြေ။ တချို့ပြောကြတာ ရှိရင်ရှိမှာပေါ့။ ဒါပေမဲ့ကျနော်တို့ သေချာမကြားရဘူး။ မေး။ UDP ပါတီ နဲ့ ကချင်အဖွဲ့တဖွဲ့က သူတို့ ရွေးကောက်ပွဲ ပြန်ဝင်မယ်ဆိုတော့ ရွေးကောက်ပွဲပြန်ဝင်မယ့် အဖွဲ့တွေကိုကော သူတို့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဖြေ။ အဲဒီဟာတော့ တကယ့် အားလုံးပြည်သူ့အတွက် အကျိုးရှိမယ်၊့ နောက်တခုက အဲဒီအတွက်ကိုလည်းပဲ သေချာစနစ်တကျပေါ့နော်။ အစီစဉ်တကျ သူတို့ဘက်က ပြင်ဆင်ပြီး လုပ်တယ်ဆိုရင်တော့ ဒါဘာမှ ပြောစရာမလိုဘူးပေါ။့ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေး သဘောသဘာဝက သူတို့အကျိုးစီးပွားအတွက်လေ။ နိုင်ငံရေးပါတီထဲက သူတို့ အာဏာရမယ်။ သူတို့အနိုင်ရမယ်၊ သူတို့အာဏာရမယ်ဆိုတဲ့ဘက်ကနေ သူတို့တက်ကြတာပေါ့၊ ဒါသူတို့ သဘာဝဖြစ်တယ်။ အဲဒီပုံစံမျိုးနဲ့ ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲဟာ ဝင်သင့်တဲ့ခြေနေမျိုး။ ခုဆိုမဖြစ်သေးဘူးလို့ ပြောချင်တယ်။ မေး။ အတိုက်အခံရဲ့ တောင်းဆိုချက်အပေါ်မှာ အစိုးရက တုံ့ပြန်လိုက်လျောမှုရှိနိုင်မလား။ ဖြေ။ အခုထိတော့ ဘာမှသုပ်ပြန်မှုမရှိသေးဘူးလို့ ပြောလို့ရတာပေါ့ ။ ဘာမှမျှော်လင့်လို့ မရသေးဘူး၊ ဒါပေမဲ့ ဒီဘက်က အတိုက်အခံတွေကလည်း သူတို့ တာဝန်အရ သူတို့မြင်တဲ့အမြင်တွင် သူတို့သဘောထားတွေ ဖော်ပြနေမှာပဲ။ အဲတော့ အာဏာပိုင်တွေထဲကလည်းပဲ သူတို့အလုပ်ကို သူတို့ဆက်ပြီး လုပ်နေကြတာပဲ။ အဲတော့ ထူးထူးခြားခြားနဲ့တိုးတက်ပြီးတော့ ကောင်းမွန်တဲ့ အလားအလာဘက်ကို သိပ်ဦးတည်ပြီးထားတာ မတွေ့ရသေးဘူးပေါ့။ မေး။ လက်ရှိ အစိုးရရဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးအရ ပြေလည်နိုင်မယ့် အခွင့်အရေးရှိမယ်လို့ မြင်လား။ ဖြေ။ မမြင်ဘူး၊ မမြင်ဘူး၊ လုံးဝမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲ ခုနတုန်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံတာဖြစ်တယ်။ နောက်တခုက ပထမဦးဆုံး ရွေးကောက်ပွဲကို ဘယ်လို လုံးဝ အသိအမှတ်မပြုဘဲနဲ့ ပယ်ဖျက်ဖို့လုပ်တာဖြစ်တယ်။ နောက်တခု ရှိထားတဲ့ သူတို့ရဲ့ အခွင့်နဲ့အာဏာတွေကို တရားဥပဒေ တည်မြဲဖို့ သူတို့အတွက် သူတို့ကြိုးပမ်းတာဖြစ်တယ်၊ အဲဒါ တကယ့် တိုင်းပြည်နဲ့လူထုအတွက် မှန်မှန်ကန်ကန်လုပ်တယ်လို့ ယုံကြည်စိတ်ချတဲ့အဆင့်မျိုး ဘာမှမတွေ့ရသေးတဲ့အတွက် အဲဒီပေါ်မှာ ကျနော်တို့ ယုံကြည်လို့မရသေးဘူး။ မေး။ စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးတာရော ထိရောက်မှုရှိလား။ ဖြေ။ ဖိအားပေးနေတာတွေကတော့ တစုံတရာ ထိရောက်မှုရှိပါတယ်၊ သူတို့ကိုယ်တိုင်က ဒါတွေက သူတို့ ထိရောက်မှု မရှိဘူးဆိုလို့ရှိရင် ဒါတွေက ဂရုစိုက်စရာလည်း မလိုဘူး။ အဲတော့ ဘာပဲပြောပြော ဖိအားပေးနေတာအားဖြင့် သူတို့မှားနေတယ်။ သူတို့ လုပ်တာ မမှန်ဘူးဆိုတာကို ကမ္ဘာသိအောင် ကောင်းတဲ့ဖော်ပြချက် ဖြစ်တယ်လေ။ အဲဒါကို ကျနော်တော့ လက်ခံတယ်။ မေး။ ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားအတွက် ဘာတွေ အကျိုးရှိနိုင်မလဲ။ ဘယ်လိုမြင်မိပါသလဲ။ ဖြေ။ ဘာမှ အကျိုးရှိမယ် မမြင်ဘူး။ တိုင်းရင်းသားတွေရဲ့ အနိမ့်ဆုံးအဆင့် အခြေခံအခွင့်အရေး ဖြစ်တဲ့တန်းတူရေးနဲ့ ကိုယ်တိုင်ပြဠါန်းခွင့်ဆိုတာ အဲထဲမှာ မရှိဘူးလေ။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြတ်ပြတ်သားသားမရှိဘူး။ မေး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအရေးကဏ္ဏက ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ။ ဖြေ။ ဒါကတော့ အခုရှိနေတဲ့ တုံ့ပြန်မှုတွေအကုန်လုံး ရပ်ဆိုင်းသွားနိုင်တယ်။ ဒီထက်ပိုဆိုးတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ ပဠိပက္ခတွေဆောင်တဲ့ အခြေအနေတွေ ဆက်ပြီးဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ မေး။ NCUB အနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ။ ဖြေ။ ခု ကျနော်ဆွေးနွေးတဲ့အချက်တွေက အဲဒီ အမြင်ပေါ်မှာ အခြေခံတာပါပဲ။ ကျနော်တို့ကတော့ လက်မခံပါဘူး။ မေး။ နောက်ဆုံးအနေနဲ့ ဘာတွေထပ် ဖြည့်စွက်ပြောချင်သေးလဲ။ ဖြေ။ ဒီကိစ္စကတော့ အဲလောက်ပါပဲ။ ကျနော်တို့အတွက်ကလည်း ဒီကိစ္စအပေါ်မှာ အလေးအနက်အများကြီး မထားဘူး။ ကျနော်တို့ လုပ်စရာရှိတာတွေ ကျနော်တို့ ဆက်လုပ်နေတယ်။ တချိန်တည်းမှာ အလေးမထားဘူးဆိုတာ ဒီ ဝင်ရေး၊ မဝင်ရေး တို့ ဒီလောက်နဲ့ပတ်သက်တဲ့ ကိစ္စတွေပေါ့။ ဒါ အချိန်ကာလတခုအနေနဲ့တော့ လှုပ်ရှားမှုတခုလို သတ်မှတ်ပြီးတော့ အဲဒီရွေးကောက်ပွဲ အောင်မြင်သွားရင်လည်း သူတို့လုပ်ဖို့ဆိုတဲ့ လုပ်ငန်းစဉ်ကို ကျနော်တို့ လက်မခံဘူး။ အဲဒီပေါ်မှာ ကျနော်တို့ ဘက်ကလည်းပဲ ကျနော်တို့တတ်နိုင်တဲ့ ကိစ္စတွေ ကျနော်တို့ကြိုးစားပြီးတော့ ဆက်ပြီးလုပ်သွားမှာပဲဖြစ်တယ်။ |