Home အင်တာဗျူး ၂၀၀၉ ခုနှစ်မှာ သူတို့ ဘာတွေ မျှော်လင့်ထားကြသလဲ။
၂၀၀၉ ခုနှစ်မှာ သူတို့ ဘာတွေ မျှော်လင့်ထားကြသလဲ။

မြန်မာစစ်အစိုးရ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် ၂၀၀၉ ဟာ ရွေးကောက်ပွဲမတိုင်မှီ ပြင်ဆင်တဲ့အချိန်ကာလဟာ အလွန်အရေးကြီးတဲ့ ခုနှစ်ဖြစ်တယ်လို့ ပြောနေကြပါတယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အတိုက်အခံဘက်က ဘာတွေပြောင်းလဲ ဖြစ်ပေါ်လာမလဲ၊ ဘာတွေ မျှောင့်လင့်ထားကြသလဲ၊ ဘာတွေ လုပ်ဆောင်ထားသင့် သလဲဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအချို့နဲ့ နိုင်ငံရေးလေ့လာနေသူများရဲ့ ပြောဆို ချက်တွေကို တင်ပြလိုက်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို)ဒု-နိုင်ငံခြားရေးတာဝန်ခံဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်

ကျနော်တို့ ကချင်မှာ အဖွဲ့ပေါင်းမျိုးစုံရှိတယ်၊ ဆိုတော့ ကေအိုင်အို အနေနဲ့ပြောရမည်ဆိုရင် လွန်ခဲ့တဲ့ အချိန်မှာ ကျနော်တို့က ကျနော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင် ရောက်အောင်ဆိုပြီးတော့မှ တော်လှန်ရေးလုပ်လာကြတယ်။ အချင်းချင်း သတ်ဖြတ်လာကြတယ်။ အဲ့တော့ နောက်ဆုံးမှာ ကိုယ်က ရန်သူကို မနိုင်ဘူး၊ ရန်သူက ကိုယ့်ကိုယ် အပြတ်ချေမှုန်း လိုက်လို့မရဘူး။

နှစ်ဖက်စလုံးရှုံးတယ်။ အရှုံးဆုံးက ပြည်သူလူထုဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့က စစ်ရေးကိုရပ်ထားပြီးတော့ နိုင်ငံရေးဖက်ကိုပြန်ပြီးတော့ ကြိုးစားနေတဲ့အချိန်ဖြစ်တယ်၊ စစ်ရေးဆိုတဲ့နေရာမှာ မုန်းတီးပြီးတော့ အချင်းချင်း သတ်ဖြတ်တယ်။ နိုင်ငံရေးဆိုတဲ့ အရာမှာ တဦးကိုတဦး ခွင့်လွတ်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တဲ့အဆင့် ဖြစ် လာတယ်၊ ဒါကြောင့် ဒီလာမယ့် ရွေးကောက်ပွဲဖြစ်လာမယ်ဆိုတော့လည်း ဒါကို အချင်းချင်း ၀ိုင်းဆန့်ကျင်မလား၊ ၀ိုင်းပြီးတော့မှ ပူးပေါင်းဆောင်ရွက်မလား၊ ဆန့်ကျင်တဲ့အပိုင်းတော့ ကျနော်တို့ ကုန်သွားပြီ ဒါကြောင့် ဒီနှစ်မှာ အားလုံးတဦးပေါ်တဦး နားလည်မှုထား ပြီးတော့မှ ဘယ်ပြည်သူလူထုကိုပဲဖြစ်ဖြစ် ကျနော်တို့က အတင်းအဓမ္မ ထောက်ခံပါ၊ ဆန့်ကျင်ပါလို့ ကျနော်တို့ မပြောပါဘူး၊ ကေအိုင်အို အနေနဲ့ကတော့ ကျနော်တို့ ပါဝင်ဆောင်ရွက် သင့်တယ်ဆိုတဲ့ အမြင်ရှိတဲ့အပိုင်းမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ပါဝင်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အမြင် ရှိတဲ့အပိုင်းမှာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ကေအိုင်အိုဟာ နိုင်ငံရေးပါတီဖွဲ့မှာ မဟုတ်ဘူး၊ အဲ့ဒီ နိုင်ငံရေး ဘယ်သူလုပ်ချင်သလဲ၊ ကေအိုင်အို ခေါင်းဆောင် တယောက်ယောက်ကဟာ ကျနော်ကတော့ ပါတီဖွဲ့ချင်တယ်၊ ကျနော်ကတော့ နိုင်ငံရေးကိုလုပ်ချင်တယ်ဆိုရင် ကေအိုင်အိုကနေ ထွက်ပြီးတော့မှ ပြည်သူလူထုတယောက် အနေနဲ့ ပြည်သူလူထုနဲ့ ပေါင်းစပ်ပြီးတော့မှ သွားလုပ်နိုင်တယ်။ အဲ့ဒါတွေကတော့ ကျနော်တို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲဆိုတာ အဲ့ဒီ အစီအစဉ်တွေရှိတယ်။ အဲ့ဒါကြောင့် အီလက်ရှင်မှာ သွားပြီးတော့ ပါဝင်ဖို့ ဆိုတာက မူအားဖြင့်ကတော့ ကျနော်တို့ လက်ခံပြီးသား ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) အထွေထွေအတွင်းရေးမှူး(၂) ခူဦးရယ်

၂၀၀၉ ခုနှစ်ကတော့ ကျနော်တို့ အတိုက်အခံအတွက်ကတော့ အင်မတန် အရေးကြီးတဲ့နှစ်လို့ ပြောလို့ရသလိုပဲ။ နအဖ အတွက်လည်း အရေးကြီးတဲ့နှစ်ဆိုရင်လည်း မမှားဘူးပေါ့နော်။ ဘာဖြစ်လဲဆိုလို့ရှိရင် နအဖ က ၂၀၁၀ မှာရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားတဲ့အပေါ်မှာ ကျနော်တို့ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်း အားလုံးတွေ အနေနဲ့ကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ အားလုံးက သဘောတူထား၊ မြင်ထားကြတဲ့ အပေါ်မှာ ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်အောင်ပေါ့နော်၊ ကျနော်တို့အနေနဲ့ အက်ရှင် တခုခု လုပ်ဖို့လိုအပ်တယ်လို့ အားလုံးကတော့ သုံးသတ်ထားကြတဲ့ အနေအထားမှာရှိတယ်။ ဆိုတော့ ကျနော်တို့ ဘာလုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီးကျနော်တို့ အက်ရှင်ပလန်တွေ ချဖို့ကတော့ ကျနော်တို့ အတိုက်အခံအဖွဲ့အစည်းတွေ အားလုံးအနေနဲ့ တူညီတဲ့ဘုံ ရပ်တည်ချက် တခုအောက်မှာ ကျနော်တို့ စုစည်းပြီး တော့ တူညီလှုပ်ရှားမှုအစီစဉ် တခုခုကိုချဖို့ အဲ့ဒါအရေးကြီးတယ်လို့ပြောရင် မမှားဘူးပေါ့၊ လှုပ်ရှားမှုအစ်ီစဉ်ီနဲ့ တချိန်တည်းမှာပဲ ဖြစ်လာမယ့် အခြေအနေပေါ်မှာ ဘယ်လိုရင်ဆိုင်မယ်၊ နောက်ပြီးတော့ ဘယ်လိုတုန့်ပြန်မယ် ဆိုတာ၊ ထွက်လာမယ့် အဖြေကလည်း ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေပေါ့၊ ကျနော်တို့ အနေနဲ့ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ထားရမလဲ၊ တကယ်လို့များ တိုးတက်ပြောင်းလဲလာမယ့် အခြေအနေ တခုခုကို ရောက်သွား မယ်ဆိုရင် ကျနော်တို့ ဘက်ကဘာတွေ အဆင်သင့် လုပ်ထားသင့်သလဲ ဆိုတာမျိုးတွေ၊ နောက်ပြီးတော့ အဆိုးဆုံးအခြေအနေကို ရောက်သွားတယ်ဆိုရင်လည်းပဲ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့အတွက် ကျနော်တို့ ဖက်က ဘာပြင်ဆင်မှုတွေ လုပ်ထားသင့်သလဲဆိုတဲ့ ပြင်ဆင်မှုအဆင့်ကို တချိန်တည်းမှာ ချမှတ်ထားဖို့ လိုတာပေါ့နော်၊ အဲ့ဒီတော့ ကျနော်တို့ အတိုက်အခံအဖွဲ့အစည်းတွေ အနေနဲ့ စုရပ်တနေရာမှာ ကျနော်တို့ ရောက် နေဖို့ တော့လိုတယ်လို့ ကျနော်အဲ့ဒီလိုထင်ပါတယ်၊ ဒါအရေးကြီးဆုံးပထမအဆင့်ပေါ့နော်။

ကျနော်တို့ ကေအဲန်ပီပီအဖွဲ့အစည်းက ရိုးရိုးသာမန် နိုင်ငံရေးအဖွဲ့အစည်းတခု မဟုတ်ဘဲနဲ့ လက်နက်ကိုင်နဲ့ ဆက်စပ်ပြီးတော့ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းဆိုတော့ ကျနော်တို့ရဲ့ ချဉ်းကပ်မှုကလည်း ရိုးရိုးနိုင်ငံရေးပါတီ အဖွဲ့တွေနဲ့ကတော့ မသိမသာ မတူကွဲပြားမှုရှိတယ်ဆိုလည်း အားလုံးသိပြီးသားဖြစ်တယ်လေ၊  ဆိုတော့ ကျနော် တို့က နိုင်ငံရေးအရ ပြင်ဆင်မှုလုပ်ရမှာ ဖြစ်သလိုပဲ လက်နက်ကိုင်အနေအထားကိုလည်း တချိန်တည်းမှာ ပြင်ဆင်ဖို့လိုတယ်၊ အစီစဉ်တွေချဖို့ကတော့ ကျနော်တို့မှာ ရှိပါတယ်၊ ကျနော်တို့ကတော့ လူထုတွေကို ဘာမျှော့်လင့်ချက် ပေးနိုင်သလဲလို့မေးရင်တော့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ မျှော်လင့်ချက်ပေးရုံလေးနဲ့ လူထုတွေရဲ့ ထောက်ခံမှုရမှာတော့မဟုတ်ဘူး၊ မျှော်လင့်ချက်ပေးရုံနဲ့ အခြေအနေတခုကို ရောက်သွားဖို့တော့ မရှိဘူး၊ အဲ့တော့ ကျနော်တို့ ကံကြမ္မာကို ကျနော်တို့ဖန်တီးတယ်ဆိုတဲ့ နေရာမှာတော့ လူထုလူတန်းသား တရပ် လုံးပါဝင်မှ လှုပ်ရှားမှ၊ ပူးပေါင်းဆောင်ရွက်မှ အခြေအနေတခုကိုရောက်မယ်လို့ ကျနော်အဲ့ဒီလိုပြောချင်တယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ဗဟိုကော်မီတီဝင်နှင့် တိုင်းရင်းသားလူမျိုးများ ကောင်စီအတွင်းရေးမှူး (၁) ပဒိုဒေးဗစ်ထော

ဒီ ၂၀၀၉ ခုနှစ်မှာ ၂၀၁၀ အတွက်စစ်အစိုးရ သူ့ရဲ့ရွေးကောက်ပွဲကို ပြင်ဆင်မယ်ဆိုရင်ပြည်တွင်းက ဖိနှိပ်မှုတွေ ကပိုများမယ်လို့ မြင်ရတယ်ပေါ့နော်၊ နောက်တခုကြပြန်တော့လည်း အခုမစ္စတာ ဂမ်ဘာရီ ဒီလကုန်မှာ သွားမယ် ဆိုတာက ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်လွတ်ကင်းအောင် လုပ်ပေးနိုင်မယ်ဆိုတာ ဘယ်သူမှလည်း မပြောနိုင်ဘူးလေ။ ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီအချိန်မှာ လွတ်ပေးရင်ကောင်းမယ်ပေါ့၊ စစ်အုပ်စုတွေလည်းနိုင်ငံတကာမှာ ပြန်ပြီးတော့ အဖတ်ဆယ်လို့ရမယ့် အနေအထားရှိတယ်ပေါ့၊ အမှန်တကယ်က တွေ့ဆုံဆွေးနွေးပွဲဖြစ်မှာပဲ ဒီကိစ္စတွေကို အကြေအလည် ဖြေရှင်း နိုင်မယ့် အနေအထားရှိတယ်လို့ပဲ ကေအဲန်ယူကတော့ ယုံကြည်ပါတယ်၊ လောလောဆယ်ကတော့ နိုင်ငံရေး အခင်းအကျင်း ရပ်ကြည့်မယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ အကြောင်းကတော့ သိပ်တော့မရှိဘူးထင် တယ်လေ၊ ဘာလဲဆိုတော့ စစ်အစိုးရကလည်း သူတို့အနေနဲ့ သူတို့သွားမယ်ဆိုတော့ တော်တော်လေးကတော့ တယောက်နဲ့တယောက်ကတော့ ဝေးကြအုံးမယ်ပေါ့ လောလောဆယ်ဒီ ၂၀၀၉ မှာ။

ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေတောင်ပိုင်း)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလောင်ဝ်ဆိုင်း

၂၀၀၉ ခုနှစ်အတွင်းမှာဆိုရင် ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးရဲ့ ပြဿနာများကို ပြန်ပြီးမှ သုံးသပ်ကြည့်မယ်ဆိုရင် အပိုင်းသုံးပိုင်း ကျနော်မြင်ပါတယ်၊ ပထမ ပိုင်းကတော့ ကျနော်တို့ တိုင်းရင်းသားရဲ့ အပိုင်းပေါ့နော်၊ ဒုတိယ အပိုင်းကတော့ ဒီမိုကရေစီ လှုပ်ရှားနေတဲ့ သူတွေရဲ့အပိုင်း၊ တတိယ အပိုင်းကတော့ လက်ရှိ စစ်အုပ်စုရဲ့ အပိုင်းပေါ့၊ အဲ့ဒီ အပိုင်းသုံးပိုင်းမှာ ကျနော်တို့ တိုင်းရင်းသား အပိုင်းကို ကြည့်မယ်ဆိုရင် ကျနော်တို့တွင် တိုးတက်စရာ လမ်းကြောင်းတွေ ဘာမှလက်ခံရရှိခြင်း မရှိသေးပါဘူး ဆိုတဲ့အကြောင်း၊ ၂၀၀၉ ခုနှစ်မှာ ရှမ်းပြည်အမျိုးသားရေးနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ တော်လှန်ရေး လုပ်လာ တာကြာခဲ့ပါပြီ၊ ကျနော်တို့ လက်တွေ့ကို အခြေခံပြီးတော့ ကျနော်တို့ မှားထားတဲ့ဟာတွေကို ကျနော်တို့ ပြန်ပြီး တော့ သင်ခန်းစာ ပြန်ယူလို့ရတဲ့ဟာတွေ အများကြီးရှိပါတယ်၊ ကျနော်တို့မှာ ရလာတဲ့ သင်ခန်းစားတွေက ဘာလဲ ဆိုရင် စည်းလုံးညီညွတ်ဖို့အတွက် အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍရောက်လာပြီ ဖြစ်ပါတယ်၊ စည်းလုံး ညီညွတ်မှု မရှိဘူးဆိုရင် ကျနော်တို့ လိုချင်တဲ့ ကိစ္စကျနော်တို့ ရောက်လိုတဲ့ ပန်းတိုင်ကိုလည်း ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာ ရှမ်းပြည်တွင်းက လူမျိုးစုများ သိပြီးသားဖြစ်ပါပြီဆိုတဲ့အကြောင်း၊ စည်းလုံးညီညွတ်ခြင်းကို အခြေခံပြီးတော့ ကျနော်တို့ စည်းလုံးညီညွတ်နိုင်တဲ့ အလားအလာတွေ အများကြီးလာတဲ့ အချိန်ရောက်ပါပြီ ဆိုတာ ဒီတော့ ကျနော်တို့ စည်းလုံးညီညွတ်ပြီးပြီဆိုရင် ကျနော်တို့ လိုချင်တဲ့ကိစ္စကို တောင်းဆိုလို့ရမယ်၊ ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်ရမှာ သေချာတယ်ဆိုတဲ့ အကြောင်း၊ အားလုံးသော ရှမ်းပြည်သူပြည်သား အပေါင်းလည်း ဒီ ၂၀၀၉ ခုနှစ်မှာ အရေးကြီးတဲ့ အချိန်ရောက်လာပါပြီ၊ ဒီတော့ ကျနော်တို့အတွက် ဘာအာမခံမှ မရှိဘူးဆိုရင် ကျနော်တို့ လက်နက်ကို စွန်းဖို့တော့ ရည်မှန်းချက် မရှိပါဘူး၊ အာမခံချက်ဆိုတာ ကျနော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံးကို ရမှာသာကျနော်တို့ လက်နက်ကို စွန့်မှာဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အဲန်စီဂျီယူဘီ) ဖယ်ဒရယ်ရေးရာဝန်ကြီး ခွန်းမားရ်ကိုဘန်

၂၀၀၉ ခုနှစ်ကတော့ နိုင်ငံရေးရဲ့ ဖြစ်ပေါ်မှု၊ ဖြစ်ထွန်းမှု အနေနဲ့ သုံးသပ်ရမယ်ဆိုရင်တော့ ၂၀၁၀ ခုနှစ်မှာ နအဖ စစ်အုပ်စုကနေပြီးတော့ ရွေးကောက်ပွဲပြုလုပ်မည်လို့ ထုတ်ပြန်ထားတယ်ဆိုတော့ ဒီနှစ် ၂၀၀၉ ခုနှစ်အတွက် ကတော့ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ ပြည်တွင်းမှာရော နိုင်ငံတကာမှာရော နယ်စပ်မှာရော အဲ့ဒါတွေကို နည်းမျိုးစုံ သူတို့ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့အတွက် အပြင်းအထန် ကြိုးစားရမယ့် နှစ်လို့ ကျနော်မြင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ နအဖ က သူစိတ်ကြိုက်ခေါင်းခေါက်ရွေးထားတဲ့ ကိုယ်စား လှယ်တွေနဲ့ ၁၄ နှစ် ညီလာခံလုပ်လာတယ်၊ စိတ်ကြိုက်ဖွဲ့စည်းပုံရေးဆွဲခဲ့တယ်၊ ပြည်သူလူထုရဲ့ သဘောထား တွေကို ဓါးမြတိုက်ပြီးတော့ တဖက်သတ်ကြေညာသွားတဲ့ ဖွဲ့စည်းပုံကို ဘယ်သူမှ လက်မခံနိုင်ဘူး၊ ဒီမိုကရေစီ နိုင်ငံကိုလည်း ဖော်ဆောင်ပေးနိုင်မှာမဟုတ်ဘူး၊ တိုင်းရင်းသားအရေးကိုလည်း ဘာတခုမှ ဖော်ဆောင်ပေးနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် တိုင်းရင်သား အင်အားစုတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေက တိုက်ပွဲဝင်ရမယ့် ပြင်ဆင်ရမယ့် အချိန်ကာလဖြစ်တယ်လို့ သုံးသပ်လိုပါတယ်၊ ဒီလိုပဲ နှစ်ပေါင်း လေး၊ ငါး၊ ခြောက်ဆယ် တော်လှန်ရေးလုပ်လာကြတဲ့ အဖွဲ့အစည်းတွေလည်း သူသူကိုယ်ကိုယ် အားနည်းကြတာပဲ ဒါပေမယ့် အားနည်းကြတာကို ကျနော်တို့ အားနည်းပါတယ်ဆိုတဲ့ဟာ မဟုတ်ဘဲနဲ့ ကျနော်တို့ အားလုံးက နေပြီးတော့ အဲန်စီဂျီယူဘီရော ဒီမိုကရေစီရော၊ တိုင်းရင်းသားအင်အားစုတွေရော ကျနော်တို့ကို ပိုပိုပြီးတော့ ၂၀၀၉၊ ၂၀၁၀ ခုနှစ်ဟာ အရေးကြီးတဲ့အတွက်ကြောင့် ပိုမိုပြီိးတော့ ကျနော်တို့ အပြန်အလှန် နားလည်မှုရှိရှိနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရင်တော့ အဲန်စီဂျီယူဘီရယ်လို့မဟုတ်ဘူး ကျနော်တို့အားလုံးရဲ့ အောင်မြင်မှုက တဆင့်တိုး တက်လာမယ်လို့ အဲ့လိုပဲပြောလိုပါတယ်။

ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးဝင်းမင်း

ထူးထူးခြားခြားပြောင်းလဲမယ်တော့ မထင်ဘူး၊ ဆိုလိုတာက တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့တို့၊ နိုင်ငံရေးအကျဉ်းသား လွတ်လာဖို့တို့ အဲ့လိုမျိုး နိုင်ငံရေးတိုးတက်ဖို့တော့ဖြစ်လာမယ့် အနေအထား မတွေ့ရဘူး၊ ဒါပေမယ့် ဖြစ်လာမယ့် အနေအထားတခုကတော့ ရွေးကောက်ပွဲအတွက်က ပြင်ဆင်ရမယ့်ကာလဖြစ်တာကိုး အဲ့ဒီခါကြတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဥပဒေတွေထွက်လာနိုင်တယ်၊ အဲ့ဒီအောက်မှာ နိုင်ငံရေးပါတီတချို့ဖွဲ့လာနိုင်တယ်၊ စစ်အစိုးရဖက်ကလည်း သူတို့ရဲ့ကိုယ်ပိုင်နီးစပ်တဲ့ပါတီတွေ ဖွဲ့လာနိုင်တယ်၊ နောက်တချို့ရပ်ရွာတွေမှာပေါ့နော် လူတွေနည်းနည်း လေးစားမယ့် လူတဦးချင်းကို စစ်အစိုးရကနေပြီးတော့ ၀င်ပြိုင်ခိုင်းတာတွေလုပ်လာနိုင်တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀င်ပြိုင် မပြိုင်ကိုတော့ စောင့်ကြည့်ရမှာပေါ့နော်၊ ၀င်မပြိုင်ဖို့တော့များတယ် လို့ ကျနော်ဆိုပြလို့တော့ရတယ်၊ ဒါပေမယ့်အတိအကျတော့ ကျနော်တို့ မမြင်ရသေးဘူး၊ နောက်တခုကလည်း အလားအလာရှိမယ် နိုင်မယ့်လူ၊ စစ်အစိုးရကိုလည်း ဆန့်ကျင်နိုင်မယ့်ပါတီ မျိုးဆိုလို့ရှိရင် အဲ့ဒီအဖွဲ့တွေကို သူတို့ဆွဲစိတာတွေ ထိန်းချုပ်တာတွေ ဒီ ၁၉၉၀ တုန်းက လုပ်ခဲ့သလိုမျိုးပေါ့နော် အထူးသဖြင့်တော့ ထိပ်ပိုင်း ခေါင်းဆောင်တွေကို လုပ်မယ့်သဘောရှိတယ်၊ အဓိကကတော့ စီးပွားရေးအခြေအနေက ၂၀၀၉ ခုနှစ်ထဲမှာ တော်တော်ဆိုးလာမယ့် အနေအထားရှိတယ် ဘာကြောင့်လည်းဆိုတော့ဒီ ၂၀၀၇ ကတည်းကပျက်ခဲ့တဲ့ စီးပွားရေးပြဿနာက အခုချိန်ထိမရှင်းနိုင် သေးဘူးလေနော်။