|
၂ဝ၁ဝ ရွေးကောက်ပွဲသည် နအဖအတွက် စစ်တပ်က ဆက်လက်ပြီး စိုးမိုးအုပ်ချုပ်မည့် စစ်အုပ်ချုပ်ရေး တည်တန့်ရေးပင် ဖြစ်သည်။
ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ၂ဝဝ၈ ခုနှစ်က နအဖမှ တဖက်သတ် ရေးထားပြီး အတင်းအဓမ္မ အတည်ပြု ထောက်ခံခိုင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းခဲ့သောကြောင့် ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအပေါ် နအဖနှင့် တိုင်းရင်းသား များ၏ အမြင်သဘောထားမှာ မတူကွဲပြားခြားနားနေသည်။ တိုင်းရင်းသားများ လိုလားတောင်းဆိုသည်ကား အနာဂတ် မြန်မာနိုင်ငံမှာ နိုင်ငံရေး ရည်မှန်းချက်သည် တိုင်းရင်းသား လူမျိုးများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တကွ လူနည်းစု၊ လူမျိုးစုများ၏ အခွင့်အရေး ရပိုင်ခွင့်များကို ဖော်ဆောင်ပြဌာန်း ပေးသည့် စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက်ရေး ဖြစ်သည်။ ယခု ဖွဲ့စည်းပုံအရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် (၁၉၉ဝ ခုနှစ်) အနိုင်ရ တိုင်းရင်းသားပါတီများကလည်း ဝင်ရောက်ယှဉ်ပြိုင် မည့် အနေအထားများ မတွေ့ရှိသေးပါ။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အဲန်အယ်ဒီ)သည်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ယခုချိန်ထိ အရိပ်မပြသေးပါ။ အလားတူစွာဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နအဖ စစ်အစိုးရက တိုင်းရင်းသားများအပေါ် ချထားသည့် မဟာဗျူဟာသည် တိုင်းရင်းသားကိုယ်၌က နားလည်ရန် လိုအပ်သလို မြန်မာပြည်တွင်းနှင့် ပြည်ပက တိုင်းရင်းသား အချင်းချင်း ပူပေါင်းလုပ်ဆောင်ရန် အချိန်တန်ပါပြီ။ သို့မဟုတ်ပါက တိုင်းရင်းသားပြည်သူများက ထောက်ခံအားပေး တည်ထောင်ခဲ့သော အဖွဲ့အစည်းများ ပျောက်သွားဖွယ်ရှိသည်။ သာဓကများ ကြည်လိုက်ပါ။ အပစ်ခတ်ရပ်စဲရေး ယူထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ညီလာခံမှာ ဟန်ပြအဖြစ် တိုင်းရင်းသားများအရေး ပြဿနာများကို စစ်အစိုးရမှ ဖြေရှင်းပေးသယောင်ယောင်နှင့် လုပ်နေသည်ကို သိသိနှင့်ပင် နုတ်ပိတ်ခံခဲ့ရသည်။ အပစ်ခတ်ရပ်အဖွဲ့၏ လက်နက်ဖျက်သိမ်းရေး (သို့မဟုတ်) နယ်စပ်စောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးတွင်လည်း တချို့က သဘောတူလိုက်ရသည်။ နောက်တဆင့်မှာ နအဖ တပ်မတော်ထဲသို့ ရောသွတ်သွင်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အဆုးံသတ်ရေးနှင့် ဝါးမြို ဖျက်သိမ်းခံရခြင်းကို ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်နေသည်။ ထိုအနက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့ တဖွဲ့ဖြစ်သည့် ကေအိုင်အိုသည် နအဖ၏ နယ်ခြားစောင့်တပ် အသွင်းပြောင်းရေး တိုက်တွန်းချက်များကို လက်မခံဘဲ ကေအိုင်အို၏ သဘောထားများကို ပြန်လည်တင်ပြထား သည်ဟု သိရသည်။ မြန်မာနိုင်ငံသည် ပင်လုံစိတ်ဓါတ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံမူအရသာ စစ်မှန်သည့် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းနိုင်မည် ဆိုပါက ကေအိုင်အိုတပ်ဖွဲ့များကို နယ်ြခားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုတော့သည့်အပြင် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်မည်ဟု ပြန်လည်ပြောဆိုတင်ပြထားကြောင်း သိရသည်။ ၎င်းက ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်များတို့သည် တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို အခြေခံပြီး တန်းတူညီမျှရေးကို အာမခံသည့် ပင်လုံစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ကေအဲန်ယူ၊ ကေအဲန်ပီပီ၊ အက်စ်အက်စ်အေ (တောင်) စသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တို့သည် နအဖ၏ တိုင်းရင်းသားအပေါ် မဟာဗျုဟာ အခင်းအကျင်းများကို သိမြင်နားလည်သည့်အတွက် အပစ်ခတ်ရပ်စဲရေး မယူဘဲ ယနေ့တိုင် စစ်အစိုးရအား ခုခံတိုက်ခိုက် နေကြသည်။ ဤအပစ်ခတ်ရပ် အဖွဲ့တို့သည် နအဖ၏ မဟာနည်း ဗျူဟာကို မသိနားမလည်သည် မဟုတ်ပါ။ သို့သော် တချို့အဖွဲ့များသည် ခြေကျွှံနေပြီ ဖြစ်သည်။ တချို့သည် နအဖ မက်လုံးပေးထားသည့် ကိုယ်ကျိုးစီးပွားရေးကို ငွေနောက်လိုက် ကာ ပြည်သူ့အရေး မေ့နေဟန်ရှိသည်၊၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း ထပ်ခါတလဲ အတည်ပြု ပြောကြားသွားခဲ့ပါသည်။ ထိုကဲ့သို့ ပြောနေခြင်းသည် တိုင်းရင်းသားများအရေးကို ဦးစားပေးလို၍ မဟုတ်ပေ၊၊ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရသည့် အကြောင်းရင်းများစွာ ရှိသည်။ ယခု အုပ်ချုပ်သူ စစ်အစိုးရ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးများသည် ပြည်သူလူထုဘက်မှ တရားဝင် ရွေးကောက်တင်မြောက်ထားသည့် ခေါင်းဆောင်များ မဟုတ်ပေ။ ထို့ကြောင့် အာဏာသိမ်း စစ်တပ် ခေါင်းဆောင် ဖြစ်နေသည့်အလျောက်အာဏာရှင်စစ်အစိုးရကို နိုင်ငံတကာက မဆက်ဆံလိုတော့ပါ။ အာဏာရှင်စနစ် ဆက်လက် အာဏာတည်မြဲနိုင်စေရန်အရသာ အစိုးရအသွင်သို့ ပြောင်းရန် ကြိုးစားနေခြင်းသာ ဖြစ်သည်၊၊ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပနိုင်မှသာလျှင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ကျော်လွား ပယ်ဖျက်နိုင်မည် ဖြစ်သလို ၂ဝဝ၈ ခုနှစ် တဖတ်သတ် အတည်ပြုပြဌာန်းထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း နောင်ပေါ်ပေါက်လာမည့် လက်တွေ့တွေမှာ စစ်အစိုးရ ဗိုလ်ချုပ်ကြီးများက တွက်ဆမည် ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ခဲ့မည် ဆိုပါက နိုင်ငံတကာ အလယ်မှာ ရွေးကောက်ပွဲနှင့် တက်လာသည့် တရားဝင် အရပ်သားအစိုးရတရပ်အဖြစ် ဖောင်ဆောင်ဆက်ဆံနိုင်မည် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ် နအဖ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအတွက် လုံးဝလက်ခံနိုင်စရာ အကြောင်း မရှိပါ။ ထို့ကြောင့် နအဖ တည်ဆောက်လိုသည့် အနာဂတ် မြန်မာနိုင်ငံနှင့် တိုင်းရင်းသား မြင်တွေ့လိုသည့် အနာဂတ် မြန်မာနိုင်ငံသည် ဆီနှင့်ရေလို ကွာခြားနေသည်ဟု တင်ပြရင်း။ |