Home အယ်ဒီတာ့အာဘော် ကမ်းသောလက်ကို ဆုပ်ဝံ့ မဆုပ်ဝံ့
ကမ်းသောလက်ကို ဆုပ်ဝံ့ မဆုပ်ဝံ့
၂၀၀၉ ကုန်လုနီးပြီး ၂၀၁၀ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံရေးအတွက် ပြည်တွင်းပြည်ပ လှုပ်များမှုများ ခြေလှမ်းစိတ်လာသည်။ ထိုအထဲတွင် ပြင်ပအထိပေါက်ကြား လာသော ဒေါ်အောင်စုကြည်မှ နအဖ နံပတ် (၁) အာဏာရှင် ဦးသန်းရွှေထံ ပေးစာမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်သည်။ အမေရိကန်သမ္မတ အိုဘားမား တက်လာ ပြီးနောက် အမေရိကန်-မြန်မာဆက်ဆံရေးသည် အပြောင်းအလဲများ ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း အဓိကျသော မဟာဗျူဟာမြောက် ထိထိ ရောက်ရောက်လှုပ်ရှားမည့် Kay Player အဖြစ် ပြန်လည်ပေါ်ထွက်လာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာ စတင်ပေါက်ကြား ထွက်ပေါ်လာစဉ်က ထိုပေးစာသည် အစစ်အမှန် မဟုတ်ဟု ငြင်းဆိုသံများ ထွက်ပေါ်လာခဲ့သေးသည်။ သို့သော် စာပေါက်ကြားမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များထံမှ ဖြစ်ကြောင်း RFA သတင်းဌာနက ထုတ်ဖော်ရေးသားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ဦးသန်းရွှေထံ ပေးစာအဖြစ် အတည်ပြုနိုင်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာတွင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲကိစ္စများကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ ဒေါ်အောင်စုကြည်က ယနေ့မြန်မာနိုင်ငံရေးဖြစ်စဉ်များတွင် အစဦးဆုံး အကောင်အထည်ဖော်သင့်သည့် လုပ်ငန်းဖြစ်သော “တွေ့ဆုံဆွေးနွေးကြရေး” ကိုသာ မီးမောင်းထိုး တောင်းဆို ဖော်ပြထားသည်။ “နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမည့်လုပ်ငန်းများကို ကျမအနေဖြင့် နအဖနှင့် ပူပေါင်း ဆောင်ရွက်မည်” ဟု အတိအလင်း ဖော်ထုတ်ထားသည်။ လက်ရှိအခြေအနေတွင် အဖြစ်သင့်ဆုံးသော လုပ်ဆောင်မှုတစ်ခုအတွက် ရဲရင့်စွာ ကမ်းလှမ်းသော ခြေလှမ်းတစ်ချက် အဖြစ်မြင်ရပါသည်။ ကမ်းလှမ်းမှုကို မည်သို့သော အကြောင်းပြချက်ဖြင့် ဝေ့လည်ကြောင်ပတ် လုပ်မည်၊ မလုပ်မည်ကမှု နအဖ၏ တာဝန်သာ ဖြစ်ပေလိမ့်မည်။

ဦးသန်းရွှေဦးစီးသော နအဖအနေဖြင့် သူတို့ လမ်းပြမြေပုံအတိုင်း ဇွတ်တိုးတော့မည့် အလားအလာကို ပြနေသည်။ အိုဘားမားနှင့် ကလင်တန် တို့ကလည်း မတင်းမလျော့ အနေအထားဖြင့် မြန်မာပြည်ကို ဆက်လက်ကိုင်တွယ်လျက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိုသာ တွင်တွင် တောင်းဆိုနေသည်။ ထိုအခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်နိုင်ခြေအရှိဆုံးနှင့် အဖြစ်သင့် ဆုံးသော တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းလိုက်ပေပြီ။ အရေးကြီးသည့် ခြေတစ်လှမ်းဟူ၍ ကန္တာရဝတီတိုင်း(မ်)က သုံးသပ်ပါသည်။ တကယ်ဖြစ်ရောက်ရေး အနေဖြင့်မှု နအဖက အာဏာလက်လွတ်ပြီး မှားခဲ့သမျှ ဒဏ်ပြန်လာမည်ကို တွေး၍ တွန့်ဆုတ်နေမည်လော၊ သို့မဟုတ် နိုင်ငံကောင်းစားရေးကို တကယ်ရှေးရှုမည်လော။ မည်သို့ဆိုစေ နအဖ၏ လုပ်ရပ်များက အဖြေကို ပေးပြီးသကဲ့သို့ ဖြစ်နေရာ အတိုက်အခံနှင့် နိုင်ငံတကာက မည်သို့ တုံ့ပြန်လာကြဦးမည်ကို စောင့်ကြည့်ရပေဦးမည်။