|
တလောက မြန်မာစစ်အစိုးရတပ်ဖွဲ့က လက်နက်အားကိုးပြီး ကိုးကန့်တပ်ဖွဲ့များကို သွားရောက် တိုက်ခိုက်ချေမှုန်းခြင်းသည် ကျန်အပစ်ခတ်ရပ် အဖွဲ့များနှင့် အပစ်ရပ်စဲရေး မယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား စစ်ရေး ပြင်ဆင်ကြလော့ဟု သတိပေးလိုက်သည်နှင့် အတူပင် ဖြစ်သည်။ စစ်အစိုးရနှင့် အပစ်ရပ်စဲရေး ယူထားသည့်အဖွဲ့ (သူတို့ အခေါ် ငြိမ်းချမ်းရေးအဖွဲ့) တို့သည် ၎င်းတို့အကြား ဘာပြဿနာမှ မလိုချင်မည်မှာ အမှန်ပင် ဖြစ်မည်။ သို့သော် ပြဿနာမှာ စစ်အစိုးရက ပြင်ဆင်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပစ်အရပ်အဖွဲ့များကို ပြောင်းလဲစရာ၊ ရှင်းလင်းစရာ တခုအဖြစ် ပါဝင်ရမည်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်အဖွဲ့များအား မေးစရာ မေးခွန်းများက စစ်အစိုးရ တောင်းဆိုနေသည့် နယ်ခြားစောင့်တပ်အဖြစ်ကို လက်ခံပြီး ပါတီထောင် ရွေးကောက်ပွဲ ဝင်မည်လော။ သို့မဟုတ်ရင် ဘူးခံပြီး တောင်းတင်းခံမည်လော။ ပြည်ထောင်စု မပြိုကွဲရေး - ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး - ဒို့အရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး - ဒို့အရေး စသည့် မြန်မာစစ်အစိုးရ၏ အရေးသုံးပါး ရှိသည်။ ထိုစာတမ်း၏ အနက်အဓိပ္ပါယ် ဖော်ပြချက်များက အလွန်ကောင်းပါသည်။ တိုင်းရင်းသား ပြည်နယ်အသီးသီးများ၏ ကိုယ်စားကိုလည်း အစိုးရဖြစ်သူက တိုင်းရင်းသားအရေးကို အလေးအနက် ထားသည်ဟု စာသားဖော်ပြချက်အရ အပေါ်ယံအားဖြင့် နားလည်ပါသည်။ ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် (၁၇) ဖွဲ့နှင့် အပစ်ခတ်ရပ်စဲ နိုင်ခြင်းသည် အောင်မြင်မှု တခုအဖြစ် စစ်အစိုးရက သတ်မှတ်ထားသည်။ သို့သော် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို မတူညီကြ၍ ပြဿနာများကို မဖြေရှင်းပေးနိုင်သည့်အတွက် လက်နက်ကိုင် ပဋိပက္ခ အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်းကို ကိုးကန့်ဒေသမှာ သက်သေထူနေပါပြီ။ သို့သော် စစ်အစိုးရ၏ အပြောနှင့် အလုပ်ကို မကိုက်ညီစွာ လုပ်ဆောင်တတ်သည့် အကျင့်ကို သိနေသည်မှာ ကြာပါပြီ။ ဗမာပြည်သူ တရပ်လုံးနှင့် တိုင်းရင်းသားများအပေါ် ထားရှိသည့် သဘောထားများလည်း အင်မတန်မှ ညစ်ပစ်ပြီး အကျဉ်းတန်လှသည်ကိုလည်း သိနှင့်ပြီးးသား ဖြစ်ပါသည်။ ယခုလည်း ကြည့်လှည့်ပါ။ အပစ်ရပ် အဖွဲ့အစည်းများအပေါ် မလိုတမျိုး၊ လိုတမျိုး အသုံးချပြီး ချော့တခါ၊ ခြောက်တလည့် စည်းရုံးသိမ်းသွင်းခံနေရပါသည်။ မြန်မာစစ်အစိုးရနှင့် ပထမဆုံး အပစ်ခတ်ရပ်စဲရေး ယူထားသည့် တိုင်းရင်းသားအဖွဲ့အစည်း တဖွဲ့ဖြစ်သည့် ကိုးကန့် အဖွဲ့၏ အခြေအနေမှာ အုတ်အောသောင်းနှင်း ဟိုးလေးတကျော် ဖြစ်နေပါသည်၊၊ ယခု အခြေနေမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဖုန်ကြားရှင်က ဝ ဒေသဘက်ကို ထွက်ပြေးခိုလုံနေရပါသည်။ စစ်အစိုးရဘက်ကတော့ ဥပဒေမဲ့ စစ်လက်နက် ကုန်တိုက်မူနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကြောင့် ကိုးကန့်ကို ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုပါသည်။ မေးစရာမေးခွန်းတခု ကျန်နေသေးသည်မှာ ယခင်က ကိုးကန့်နှင့် စစ်အစိုးရတို့၏ ပတ်သက်မှုများ ဖြစ်သည်။ ၎င်းတို့အနေနှင့် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ ကင်းကွာမူ ရှိခဲ့ကြပါသလား။ ထိုကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရတို့၏ နောက်ကြောင်းကို ပြန်လိုက် ဖော်ပြမူ လုပ်ရန် လိုအပ်လိမ့်မည်ဟု ယူဆရပါသည်၊၊ ၁၉၅၉ ခုနှစ် စစ်တပ်အဏာ သိမ်းပြီးနောက် အာဏာရှင် စစ်အစိုးရ လက်ထက်၌ ကိုးကန့် ကာကွယ်ရေး တပ်များသည် စစ်အုပ်စု၏ ကျောထောက်နောက်ခံပေးမှုကြောင့် ဘိန်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်ရခဲ့ပြီး သြဇာအရှိန်အဟုန်လဲ ကြီးလာခဲ့ပါသည်။ ၁၉၇၁ ခုနှစ်က ဗကပနှင့် စစ်အစိုးရတပ်များ အကြီးအကျယ် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည့် နာမည်ကျော် ကွမ်းလုံရက် (၄ဝ) တိုက်ပွဲကြီးတွင် လော်စစ်ဟန် ခေါင်းဆောင်သော ကိုးကန့် ကာကွယ်ရေး တပ်များက အစိုးရတပ်နှင့်အတူ ပူးတွဲပြီး ဗကပ ဆန့်ကျင်ရေး တိုက်ပွဲကြီးအတွင်း တက်တက်ကြွကြွ ပါဝင်တိုက်ခိုက်ခဲ့ပါသည်၊၊ ထို့ကြောင့် စစ်အစိုးရ၏ မျက်နှာသာပေးခြင်းကို ရခဲ့သလို ဘိန်းလုပ်ငန်းကိုလည်း တွင်တွင်ကျယ်ကျယ် လုပ်ရရင်း မြန်မာစစ်အာဏာပိုင်များသည် နိုင်ငံတကာသိ ဘိန်းဘုရင်တဦးနှင့် ရင်းနှီးပူးပေါင်းကြသည်အထိ ဖြစ်လာခဲ့ပါသည်။ မြန်မာစစ်အစိုးရ လက်ထက်တွင် ဘိန်းပြဿနာများနှင့် ပတ်သက်လာပါက စစ်ဗိုလ်၊ စစ်အုပ်စုကနေ ခြေရာ၊ လက်ရာ ကင်းသူ မရှိသလောက်ဟု ဆိုရပါမည်၊၊ ဘိန်းဘုရင် ခွန်ဆာ၊ လော်စစ်ဟန်၊ ယခု ဦးဖုန်ကျားရှင် လက်ထက်အထိသည် “ဒီပုတ်နဲ့ ဒီပဲ၊ ဆီထိသည့်လက် ဆီစွန်းခဲ့သည်” ဘဲ မဟုတ်ပါလား၊၊ ကိုးကန့်အရေးနှင့် ပတ်သက်၍ အခြားသတင်းဌာနများ၏ အချက်အလက်များကို ကိုးကားရမည်ဆိုလျင် ကိုးကန့်ဒေသသည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသတခုတွင် တည်ရှိပြီး၊ ရှမ်းပြည်ရှိ နယ်မြေဒေသတခု ဖြစ်ပြီး စတုရန်း ကီလိုမီ တာ (၁ဝ,ဝဝဝ) ကျော်လောက် ကျယ်ဝန်းကာ အကြမ်းဖျင်းအားဖြင့် လူဦးရေ (၁၅ဝ,ဝဝဝ) ကျော်ခန့် ရှိသည်။ ယခုဖြစ်ရပ်မှာ အပစ်ခတ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခိုင်းခြင်းကို လက်မခံပဲ ငြင်းဆန်ခဲ့သောကြောင့် စစ်အစိုးရတပ်က အကြောင်းမရှိ အကြောင်းရှာ နှိပ်ကွပ်ခြင်းသာ ဖြစ်နှိုင်သည်။ မြန်မာစစ်အစိုးရက လူမျိုးစုဒေသများ၌ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး သပ်လျှိုသွေးခွဲသောနည်း၊ ချော့မြူလိမ်ညာသောနည်း၊ ခြိမ်းခြောက် ဖိနှိပ်သောနည်း စသည့် မသမာသည့် နည်းများ ကျင့်သုံးလုပ်ဆောင်ရာကနေ ပြဿနာများ ပြန်ပေါ်လာခြင်းဘဲ ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လိုင်လကတည်းက မြန်မာစစ်အစိုးရမှ ကမ်းလှမ်းတောင်းဆိုထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ တစိုက်မတ်မတ် ငြင်းဆန်လာခဲ့ကြသည့် အဖွဲ့အစည်းများ တချို့ရှိသည်။ ကိုးကန့်အဖွဲ့ အပါအဝင်၊ ကချင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအဲန်အို)၊ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအစ်အေ) နှင့် မိုင်းလားအဖွဲ့များ ဖြစ်သည်။ ၎င်းတို့သည် မြန်မာအစိုးရ၏ ကမ်းလှမ်းမူကို ငြင်းဆန်ရုံမက မဟာမိတ်အဖြစ် ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် အာဏာရှင် စစ်အစိုးရအတွက်တော့ မခံမရနိုင်စရာ ဖြစ်နေသည်။ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး အစီအစဉ်သည် တတပ်တွင် အရာရှိ အဆင့် ၁၈ ဦး အပါအဝင် စုစုပေါင်း (၃၂၆) ဦး သတ်မှတ်ထားသည်။ တပ်၏ အုပ်ချုပ်မှူး၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးပါသည့် နေရာများနှင့် တာဝန်များတွင် စစ်အစိုးရတပ်မှ အရာရှိ ၃ဝ ခန့် ပါဝင်မည် ဟူ၍ ဖြစ်သည်။ အပစ်ရပ်အဖွဲ့များသည် နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလာပါက လက်ရှိ ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းတွင် တာဝန်ကျထမ်းဆောင်ရမည် ဖြစ်ပြီး စစ်အစိုးရတပ်နှင့် တပြေးညီ လစာခံစားခွင့် ရရှိမည် ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်းရှိ အပစ်ခတ်ရပ်အဖွဲ့ အခြေအနေကို ရှမ်းတံတော်ဆင့် သတင်းအယ်ဒီတာ ဦးခွန်ဆိုင်း သုံးသပ်ပြောဆိုရာမှာ “တကယ်လို့ ၂ဝ၁ဝ ဟာ အရေးပါတယ်ဆိုရင် သူတို့ မတိုက်ဘူးပေါ့။ သူတို့ (အပစ်ရပ်အဖွဲ့)လည်း ငြိမ်းချမ်းစွာ ဖြေရှင်းသွားမှာပေါ့။ ၂ဝ၁ဝ မှာ အရေးမကြီးဘူးဆိုရင် တိုက်မှာပေါ့နော်” ဟု ပြောဆိုသည်။ ယခု နယ်ခြားစောင့်တပ် ဖွဲ့စည်းစေခြင်းသည် တိုင်းရင်းသား တပ်ရင်း၊ တပ်ဖွဲ့ဝင်များကို စစ်အစိုးရက လွယ်လေးတကူ ၎င်းတပ်အဖြစ်သို့ ပြောင်းလဲနိုင်ရန် ဖြစ်သည်။ နောက်တချက်မှာ စစ်အစိုးရတပ်များက ထိုတိုင်းရင်းသား နယ်ခြားစောင့်တပ်များကို အသုံးချပြီး နယ်စပ်တွင် အခြေစိုက် နေထိုင်သော လက်နက်မချ၊ အပစ်ခတ်ရပ်မယူထားသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင် တိုင်းရင်းသားများ အချင်းချင်းများကို သွေးထိုးတိုက်ခိုက် ချေမှုန်းကြစေရန်တွင် အသုံးပြုအုံးမည် ဖြစ်သည်။ စစ်အစိုးရက ကိုးကန့်နှင့် တိုက်ခိုက်ရခြင်းမှာ ၎င်းတို့က နိုင်ငံတော်၏ ဥပဒေများ ချိုးဖောက်မှုကြောင့် တိုက်ခြင်း ဖြစ်ပြီး တခြားအပစ်ရပ်အဖွဲ့များကို တိုက်မည် မဟုတ်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။ သို့သော် စစ်ရေးလေ့လာ သုံးသပ်သူများက ထိုထုတ်ပြန်ချက်အပေါ် မယုံကြည်ခဲ့ကြပါ။ တကယ်တမ်းမှာလည်း စစ်အစိုးရကို မည်သူက မယုံကြည်ပါ။ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများကို ၎င်းတို့၏ လက်ခုတ်ထဲက ရေဖြစ်နိုင်ရန် နည်းအမျိုးမျိုးဖြင့် တဖြည်းဖြည်း ကြိုးစားအကောင်အထည် ဖော်ဆောင်လာနေသည်ကို မြင်နေရသည်၊၊ ထို့ကြောင့် အပစ်ရပ်အဖွဲ့က ဘာဆက်လုပ်ကြမလဲဆိုသည်ကို ပြောရခက်ပါသေးသည်။ တိုင်းရင်းသား အဖွဲ့အစည်းအတွင်းများသည် စစ်အစိုးရက သွေးခွဲဖန်တီးမှု ပြုခဲ့ပြီး ပြဿနာများ ဖြစ်လာပါက စစ်အစိုးရတပ်များက ဝင်ရောက်စွက်ဖက် အမြတ်ထုတ်တတ်မှုကို တိုင်းရင်းသားများအနေနှင့် လေ့လာမှတ်တမ်းကာ သင်ခန်းစာယူကြဖို့ အချိန်တန်နေပြီဟု တင်ပြရင်း... |