Home ကေတီအကြောင်း
ကန္တာရ၀တီတိုင်း(မ်)/ကေတီ အကြောင်း

ကန္တာရ၀တီတိုင်း(မ်) သတင်းအဖွဲ့အား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် အင်တာနယူးဖွဲ့မှ ဖွင့်လှစ်သော သတင်းစာနယ်ဇင်း ပညာသင်ကျောင်းသို့ တက်ရောက်သင်ကြား အောင်မြင်ခဲ့ကြသော ကရင်နီလူငယ် သတင်းသမားတစ်စုမှ အောက်တိုဘာလ ၂ ရက်၊ ၂၀၀၄ ခုနှစ်တွင် ကမကထ ထူထောင်ပြီး သတင်းစာစောင်ကို စတင်ထုတ်ဝေခဲ့ပါသည်။

 

ကန္တာရ၀တီတိုင်း(မ်) သတင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်တို့ကို တတောင့်တနေရာမှ မြင့်တင်သွားရန် ရည်ရွယ်ချက် ထားရှိသည့်အပြင် ကရင်နီပြည် အပါအ၀င် အခြားတိုင်းရင်းသား ဒေသများတို့၌ သတင်းလုပ်ငန်း ကျယ်ပြန့်လာရေးနှင့် ကလောင်စွမ်းအားဖြင့် မြန်မာနိုင်ငံ၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် တည်ငြိမ် အေးချမ်းဖို့အတွက် ရပ်တည်ထိန်းသိမ်းသွားရန်ဖြစ်သည်။

 

ကရင်နီပြည်၊ နယ်စပ်ဒေသတွင်း ယခင်ကာလများတွင် သတင်းစာစောင်များကို ထုတ်ဝေသည့် သတင်းအဖွဲ့အစည်း မရှိသေးသည့်အလောက် ကန္တာရ၀တီတိုင်း(မ်) အမည်ဖြင့် စတင်ထူထောင်ခြင်းမပြုမှီ ကရင်နီလူမှုအသိုင်းအ၀ိုင်းရှိ မိဘပြည်သူ၊ ခေါင်းဆောင်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သတင်းသမားများတို့နှင့် အချိန်အတန်ကြမြင့်စွာ တိုင်ပင်နှီးနှော အကြံဥာဏ်များ ရယူခြင်းပြုလုပ်ခဲ့ပါသည်။

 

ထိုင်းနယ်စပ်ဒေသသို့ စစ်ဘေးစစ်ဒါဏ်ကြောင့် အိုးအိမ်စွန့်လွှတ် ထွက်ပြေးရောက်ရှိလာကြသော စစ်ပြေးဒုက္ခသည်များ၏ ကြုံတွေ့ရသည့် ဘ၀ဖြစ်ရပ်မှန်များနှင့် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသော ကရင်နီပြည်သူတို့၏ နှုတ်ဖျားမှ ပြောဆိုသော စကားသံများတို့ကို ကမ္ဘာ့ပြည်သူအသိုင်းအ၀ိုင်းမှ သိရှိနားလည်ပြီး သနားကြင်နာမှုနှင့် ထောက်ပံ့မှုများ ရရှိစေရန်အလို့ငှာ တစ်ဖက်တစ်လမ်းမှ အကျိုးဆောင်ပေးသင့်သည်ဟု လူငယ်တစ်စုမှ ပြင်းပြသောစိတ်ဆန္ဒဖြင့် ကိုယ်စီဆုံးဖြတ် တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခင်ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်တပြည်အဖြစ် တည်ရှိခဲ့စဉ်က ကန္တာရ၀တီနယ်၊ ဘောလခဲနယ်၊ ကြယ်ဖိုးကြီးနယ်နှင့် မိုးဗြဲနယ်ဟူ၍ နယ်လေးနယ်ကွဲပြားတည်ရှိခဲ့ကာ သီးခြားစောဖျာများတို့မှ အသီးသီးအုပ်ချုပ်ခဲ့သည်။ အဆိုပါ နယ်လေးနယ်အနက် ကန္တာရ၀တီနယ်၏ အမည်ကို အစွဲပြုပြီး ကန္တာရ၀တီတိုင်း(မ်) သတင်းအဖွဲ့အမည်ကို မှည့်ခေါ်ခြင်းပင် ဖြစ်သည်။

 

ကန္တာရ၀တီတိုင်း(မ်) သတင်းအဖွဲ့သားများအနေဖြင့် ပြည်သူများအား သတင်းလုပ်ငန်းဖြင့် တတ်စွမ်းသရွေ့ အလုပ်အကျွေးပြုသွားနိုင်ရန် ကြိုးစားအားထုတ်သွားမည်ဖြစ်ပြီး မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ သြဇာ လွမ်းမိုးမှုကို မျှခံယူခြင်းမရှိဘဲ သတင်းကျင့်ဝတ်နှင့် သိက္ခာတို့နှင့်အညီ စောင့်ထိန်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

 

ကန္တာရ၀တီတိုင်း(မ်) သတင်းအဖွဲ့၏အခြေခံမူများမှာ-

 

၁။ လွတ်လပ်စွာ သတင်းဖော်ထုတ်ခွင့်နှင့် သတင်းရေးသားခွင့်ရရှိရန်။

၂။ ပြည်သူဘက်မှ မြဲမြံစွာရပ်တည်၍ အမှန်တရား ဖော်ထုတ်ရေးသားခွင့်ကို မြှင့်တင်ပေးသွားရန်။

 

ကန္တာရ၀တီတိုင်း(မ်) သတင်းအဖွဲ့အား အားပေးထောက်ခံကြသော စာဖတ်ပရိသတ်များအပြင် စာရေးသားပေးပို့ လာကြသော ဆောင်းပါးရှင်များ၊ သရုပ်ဖော်၊ ကာတွန်းဆရာများနှင့် စာပေ၀ါသနာရှင်များကို အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် အစဉ်ကြိုဆိုလျှက်။

 

ထုတ်ဝေသူ                        ။ ကန္တာရ၀တီတိုင်း(မ်)

အယ်ဒီတာချုပ်                    ။ ခူညေးရယ်ဖဲဒူ